မော်လမြိုင် ၊  ဩဂုတ် (၇)

ပထမအကြိမ်ကပ်ထားကြေညာတဲ့ မဲစာရင်းမှာ ပုံစံအမျိုးမျိုးနဲ့ မှားယွင်းနေလို့ ပြင်ဆင်ပယ်ဖျက်ပေးဖို့ လျှောက်ထားသူ (၁၆၀၀၀) ကျော် ရှိတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။

ဩဂုတ်လ (၆) ရက်နေ့အထိ မွန်ပြည်နယ်တစ်ဝှမ်းမှာ မဲစာရင်းလာကြည့်သူ တစ်သိန်းခုနှစ်သောင်းကျော် ရှိပြီး အမည်စာရင်း မပါလို့ ပုံစံ(၃) နဲ့ လျှောက်ထားသူ တစ်သောင်းကျော် ၊ ကိုယ်ရေးအချက်အလက် မှားယွင်းနေလို့ ပုံစံ ၄(ဂ)နဲ့ ​လျှောက်ထားသူ သုံးထောင် ကျော် ၊ မဲစာရင်းမှာ မပါသင့်သူ ပါနေလို့ ကန့်ကွက်သူ သုံးထောင်ကျော် တင်ပြထားတယ်လို့ ဆိုပါတယ်။

“ကောက်ယူစဉ်မှာလည်း မှားနိုင်တယ် ။ ကွန်ပြူတာစာရင်းသွင်းစဉ်မှာလည်း မှားနိုင်တယ်။ typing error နဲ့ ခေါ်ပေးတဲ့ လူတွေနဲ့က မှားနိုင်တယ် ဒါပေမယ့် မှားပေမယ့်လည်း မဲပေးပိုင်ခွင့် မဆုံးရှုံးဘူး။ မှားနေတဲ့ဟာကိုတော့ ပြင်ရတယ်”လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

မဲစာရင်းတွေမှာတော့ အမည်စာလုံးပေါင်း မှားတာတွေ ၊ မှတ်ပုံတင်နံပါတ်မှားတာတွေ နဲ့ မွေးသက္ကရာဇ်မှားတာတွေကို အများဆုံး ပြင်ဆင်နေရတယ်လို့ ဆိုပါတယ်။

“ကိုယ့်ရပ်ကွက်က သန်းခေါင်းစာရင်းက ကိုယ်ပဲသိတယ် ကိုယ်ပဲနားလည်တယ်။အခုက မြို့နယ်ကော်မရှင်ကနေ ကိုယ်ကောက်ထားတဲ့ စာရင်းကို တစ်ယောက်ကခေါ်မယ် တစ်ယောက်က စာရိုက်မယ် လုပ်တော့ ဒီလို အမှားတွေ ထွက်လာတယ်”လို့ မော်လမြိုင် စစ်ကဲကုန်းရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးအေးသီက ပြောပါတယ်။

လက်ရှိမှာတော့ မဲစာရင်းကပ်ထားကြေညာတဲ့ ကာလကို  ဩဂုတ်လ (၇)ရက်နေ့ကနေ (၁၄) ရက်အထိ ထပ်မံ သက်တမ်းတိုးပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းမှာပါမှ မဲပေးခွင့်ရမှာဖြစ်လို့ အိမ်ထောင်စုတစ်စုမှာ အနည်းဆုံး တစ်ယောက်တော့ သွားရောက်ကြည့်ရှုကြဖို့ ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။

မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်ရဲ့ နာမည်ဟာ ပါသင့်ရက်နဲ့ မပါဘူးဆိုရင် သက်ဆိုင်ရာ ကော်မရှင်ရုံးမှာ ပုံစံ-၃ တောင်းယူပြီး ဖြည့်စွက် တောင်းဆိုနိုင်မှာ ဖြစ်သလို နာမည်ပါပေမယ့် အချက်အလက်တွေမှားနေတာဆိုရင်တော့ ပုံစံ-၄(ဂ) တောင်းယူဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

မဲစာရင်းထဲမှာ မပါသင့်သူ တစ်ယောက်ပါနေတာ ဒါမှမဟုတ် ကန့်ကွက်ချင်တာဆိုရင်တော့ ပုံစံ-၄ ကို တောင်းယူဖြည့်စွက်ရမှာဖြစ်ပြီး ဒါတွေကို ၁၄ ရက်အတွင်းမှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပြင်ဆင်ပြီးတဲ့ မဲစာရင်းတွေကိုတော့ အောက်တိုဘာလအတွင်းမှာ ဒုတိယအကြိမ် ကပ်ထား ကြေညာသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၁၇) သိန်းကျော် ရှိပြီး ယခုမှ စတင်မဲပေးမယ့် လူငယ် (၁) သိန်းကျော် ပါဝင်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.