မော်လမြိုင် ၊ ဩဂုတ် (၅)

မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့် ရှိသူရဲ့ (၅၀) ရာခိုင်နှုန်းကျော် မဲစာရင်း လာရောက်ကြည့်ရှုခဲ့ပြီး ဖြစ်တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကိုတော့ ဇူလိုင်လ (၂၅) ရက်နေ့ကနေ ဩဂုတ်လ (၇) ရက်နေ့အထိ ကြေညာသွားမှာ ဖြစ်ပါတယ်။

ယခုနှစ်မှာတော့ အိမ်ထောင်စုအလိုက် မဲစာရင်းကို ကပ်ထားကြေညာတဲ့အတွက် မိသားစု ကိုယ်စားပြုပြီး တစ်အိမ်ထောင် တစ်ဦးနှုန်းအပြင် တစ်ဦးတည်းက အိမ်ထောင်စု နှစ်စု သုံးစုအတွက် ကြည့်ပေးတယ်လို့လည်း ဆိုပါတယ်။

မွန်ပြည်နယ်မှာ အိမ်ထောင်စုလေးသိန်းကျော် ရှိတဲ့အနက် တစ်သိန်းခြောက်သောင်းကျော် လာရောက်ကြည့်ရှုထားပြီး ဖြစ်တာကြောင့် မဲပေးပိုင်ခွင့် ရှိသူရဲ့ (၅၀) ရာခိုင်နှုန်းကျော် ကြည့်ရှုသွားပြီးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

“မိသားစု ကိုယ်စားပြုလာကြည့်ကြတာဆိုတော့ မဲစာရင်းရဲ့ ၅၀ ရာခိုင်နှုန်းကျော်နေပြီး လာကြည့်တဲ့အနေအထားက ။ ကျန်တဲ့ရက်တွေမှာလည်း များများ လာကြည့်ဖို့ မျှော်လင့်တယ်။ မဲစာရင်း ကြေညာပြီးချိန်ထိ ၈၀ ရာခိုင်နှုန်းလောက် လာကြည့်ဖို့ မျှော်လင့်တယ်”လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းမှာပါမှ မဲပေးခွင့်ရမှာဖြစ်လို့ အိမ်ထောင်စုတစ်စုမှာ အနည်းဆုံးတစ်ယောက်တော့ သွားရောက်ကြည့်ရှုကြဖို့ ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။

မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်ရဲ့ နာမည်ဟာ ပါသင့်ရက်နဲ့ မပါဘူးဆိုရင် သက်ဆိုင်ရာ ကော်မရှင်ရုံးမှာ ပုံစံ-၃ တောင်းယူပြီး ဖြည့်စွက် တောင်းဆိုနိုင်မှာ ဖြစ်သလို နာမည်ပါပေမယ့် အချက်အလက်တွေမှားနေတာဆိုရင်တော့ ပုံစံ-၄(ဂ) တောင်းယူဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

မဲစာရင်းထဲမှာ မပါသင့်သူ တစ်ယောက်ပါနေတာ ဒါမှမဟုတ် ကန့်ကွက်ချင်တာဆိုရင်တော့ ပုံစံ-၄ ကို တောင်းယူဖြည့်စွက်ရမှာဖြစ်ပြီး ဒါတွေကို ၁၄ ရက်အတွင်းမှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပြင်ဆင်ပြီးတဲ့ မဲစာရင်းတွေကိုတော့ အောက်တိုဘာလအတွင်းမှာ ဒုတိယအကြိမ် ကပ်ထား ကြေညာသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၁၇) သိန်းကျော် ရှိပြီး ယခုမှ စတင်မဲပေးမယ့် လူငယ် (၁) သိန်းကျော် ပါဝင်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.