မော်လမြိုင် ၊ ဇူလိုင် (၂၇)

မဲဆန္ဒရှင် စာရင်းကပ်ပြီး (၃) ရက်ကြာအထိ မော်လမြိုင်မြို့မှာ မဲစာရင်းလာကြည့်သူတွေ အလွန်နည်းပါးနေတယ်လို့ ရပ်ကွက်ကော်မရှင်အဖွဲ့ရုံးတွေက ပြောပါတယ်။

ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကို ဇူလိုင်လ (၂၅)ရက်နေ့ကနေ ဩဂုတ်လ (၇) ရက်နေ့ အထိ  ၁၄ ရက်အကြာ ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ ကပ်ထား ကြေညာသွားမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်စာရင်းလာကြည့်ဖို့ ရပ်ကွက် ကျေးရွာတွေမှာ လှည့်လည်နှိုးဆော်ထားပေမယ့် လူဦးရေ (၅၀) ကျော်သာ လာရောက် ကြည့်ရှုသေးတယ်လို့ သီရိမြိုင်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းနိုင်က ပြောပါတယ်။

“ပထမရက်မှာ စိတ်ဝင်စားပြီးတော့ ၄၀ လောက် ကြည့်တယ်။ ဒုတိယရက်မှာတောတ့ ၂၀ လောက် ရှိတယ်။ လာကြည့်တဲ့သူတွေ နည်းတယ်လို့ ပြောလို့ရတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် မဲပေးပိုင်ခွင့်ရှိသူဦးရေ (၃၀၀၀) ကျော်ရှိတဲ့ ပန်းပဲတန်းရပ်ကွက်မှာလည်း သုံးရက်အတွင်း မဲစာရင်းလာကြည့်သူဦးရေ (၅၀) ဝန်းကျင်သာ ရှိသေးတယ်လို့ ပန်းပဲတန်းရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဖြိုးအိအိစိုးက ဆိုပါတယ်။

မဲစာရင်းလာကြည့်သူ အများစုကတော့ တကူးတက လာကြည့်ကြတာ မဟုတ်ဘဲ ရပ်ကွက်ရုံးမှာ ထောက်ခံစာလုပ်ရင်း လမ်းကြုံဝင်ကြည့်သွားသူတွေ ဖြစ်တယ်လို့ သီရိမင်္ဂလာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ကိုကိုအောင် က ပြောပါတယ်။

“မဲစာရင်း တကူးတကလာကြည့်သူက အင်မတန်နည်းတယ်။ ရုံးမှာ ထောက်ခံစာ လာလုပ်ရင်း အခြားကိစ္စနဲ့လာရင်းနဲ့ ကျွန်တော်တို့က မဲစာရင်းကြည့်သွား ဝိုင်းရှာပေးတယ် အာ့လိုပုံစံနဲ့ ကြည့်သွားကြတယ်။လူတွေက မဲစာရင်းကြည့်ဖို့ထက် ဝမ်းစာက အရေးကြီးတော့ အလုပ်ပဲ သွားကြတာ လာမကြည့်ကြဘူး”လို့ ဆိုပါတယ်။

မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်ရဲ့ နာမည်ဟာ ပါသင့်ရက်နဲ့ မပါဘူးဆိုရင် သက်ဆိုင်ရာ ကော်မရှင်ရုံးမှာ ပုံစံ-၃ တောင်းယူပြီး ဖြည့်စွက် တောင်းဆိုနိုင်မှာ ဖြစ်သလို နာမည်ပါပေမယ့် အချက်အလက်တွေမှားနေတာဆိုရင်တော့ ပုံစံ-၄(ဂ) တောင်းယူဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

မဲစာရင်းထဲမှာ မပါသင့်သူ တစ်ယောက်ပါနေတာ ဒါမှမဟုတ် ကန့်ကွက်ချင်တာဆိုရင်တော့ ပုံစံ-၄ ကို တောင်းယူဖြည့်စွက်ရမှာဖြစ်ပြီး ဒါတွေကို ၁၄ ရက်အတွင်းမှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းမှာပါမှ မဲပေးခွင့်ရမှာဖြစ်လို့ အိမ်ထောင်စုတစုမှာ အနည်းဆုံးတစ်ယောက်တော့ သွားရောက်ကြည့်ရှုကြဖို့ ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။

ပြင်ဆင်ပြီးတဲ့ မဲစာရင်းတွေကိုတော့ အောက်တိုဘာလအတွင်းမှာ ဒုတိယအကြိမ် ကပ်ထား ကြေညာသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၁၇) သိန်းကျော် ရှိပြီး ယခုမှ စတင်မဲပေးမယ့် လူငယ် (၁) သိန်းကျော် ပါဝင်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.