မော်လမြိုင်၊ ဖေဖော်ဝါရီ ၂

မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးပြဿနာများကို ပြည်နယ်အစိုးရသက်တမ်း (၃)နှစ်ကြာသည့်တိုင် အောင်မြင်စွာမတားဆီးနိုင်သေးဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဒုတိအကြိမ်လွှတ်တော် (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ဘိန်းစာရွက်ကိုပြုတ်၍ ကိုကာကိုလာနှင့် ရောနှောသောက်သုံးသည့်အလေ့အကျင့်ကို အဆိုးဝါးဆုံးတွေ့ရှိနေရကြောင်း ဒေါက်တာအေးဇံက ပြောသည်။

“ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုတွေဟာ အင်မတန်ကိုများပြားတယ်ဆိုပေမယ့်လည်း အောင်မြင်တဲ့အခြေအနေ နဂိုအခြေအနေထက်ပိုမဆိုးအောင် ထိန်းချုပ်နိုင်တဲ့အခြေအနေပဲရှိပြီးတော့ ပိုပြီးတိုးတက်အောင်မြင်လာတဲ့အခြေအနေကို မတွေ့ရှိရပါဘူး “ ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

မူးယစ်ဆေးဝါးပြသနာကိုဖြေရှင်းရန် အစိုးရတစ်ခုတည်းမဟုတ်ဘဲ ပြည်နယ်မှာရှိသည့် ပြည်သူလူထုများနှင့် ဘာသာရေးပိုင်းမှ ဆရာတော်သံဃာတော်များပါဝင်မှသာ အောင်မြင်စွာထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာအေးဇံက ဆက်လက်ပြောသည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM ) နှင့် မွန်လူငယ်ပညာပေးအဖွဲ့ ( MYEO ) တို့ပူးပေါင်းပြီး မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးပြသနာကိုရင်ဆိုင်နေရသည့် ဒေသခံပြည်သူများ၏ရင်ဖွင်စကားသံများ အစီရင်ခံစာကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့တွင် ထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးဒုတိယအသုံးပြုမှုအများဆုံးသောပြည်နယ်မှာ မွန်ပြည်နယ်ဖြစ်သည်ဟု အစီရင်ခံစာတွေ ဖော်ပြထားသည်။

မွန်ပြည်နယ်ကို မူးယစ်ဆေးဝါးဝင်ရောက်မှုလမ်းကြောင်းများမှာ ထိုင်းနိုင်ငံလမ်းကြောင်းမှဝင်ရောက်လာပြီး လုပ်ဆောင်နေကြသည်မှာ နယ်စပ်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည်ဟု မင်းဆိုက်ထောက သုံးသပ်သည်။

“ ကျွန်တော်တို့ရွာမှာဆို အရင်နှစ်တွေတုန်းက မူးယစ်ဆေးဝါးရောင်းတဲ့အိမ်တွေ မရှိဘူး။ အခုဆိုရင်ရောင်းတဲ့အိမ်တွေရှိလာပြီး ဘယ်သူကိုမှလည်း မပြောရဲကြဘူး “ ဟု မွန်လူငယ်ပညာပေးအဖွဲ့ (MYEO)မှ မင်းစိုက်ထောက ပြောသည်။

သံဖြူဇရပ်နှင့် ရေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မင်္ဂလာဆောင်၊ ကထိန်ခင်း အလှူအတန်းများပြုလုပ်သည့်အခါ WY ဆေးပြားများပေး၍ ကူညီလုပ်ကိုင်စေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM )မှ နိုင်ချွန်းကပြောသည်။

“အပျော်အပါးပွဲလမ်းသဘင်တွေမှာလည်း လူငယ်တွေကဆေးတွေသုံးနေကြတယ်။ ဆေးသုံးသူကိုးဆယ်ရာခိုင်နှုန်းက သူငယ်ချင်းတွေကဆွယ်လို့စသုံးကြတာ ရေးမြို့နယ်မှာဆို ၅တန်းကျောင်းသားတွေတောင် စသုံးနေကြပြီ“ ဟု နိုင်ချွန်းက ပြောသည်။

နိုင်ချွန်းကဆက်လက်၍ “ ဆေးသုံးတဲ့သူတွေက ကြာလာတော့ အသုံးစရိတ်ကိုမတတ်နိုင်ကြတော့ဘူး။ အဲ့ဒီတော့ဆေးဖြန့်တဲ့သူဆီကပြန်ယူပြီးတော့ တစ်ဆင့်ပြန်ရောင်းကြတယ်။ အဲဒီတော့ သေးသေးလေးတွေပြန်ရောင်းကြပြီး လူငယ်တွေဆီမှာ ပြန့်နေတာ “ ဟု ၎င်းကဆက်လက်ပြောသည်။

မွန်ပြည်နယ်တွင် အဓိကသုံးစွဲနေသောဆေးဝါးများမှာ WY ဆေးပြားများနှင့် ဘိန်းစာရွက်လို့ခေါ်သည့် Kratom Leaf တို့ကို ကျိုချက်သောက်သုံးနေကြခြင်းဖြစ်သည်ဟု လေ့လာသူများကပြောသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမှုမှာ နှစ်ဆအထိမြင့်တက်လာပြီး မွန်ပြည်နယ်ရဲတပ်ဖွဲ့၏စာရင်းအရ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃ရက်နေ့အထိ မူးယစ်ဆေးဝါးဖမ်းဆီရရှိမှု စုစုပေါင်း (၄၀၁)မှုရှိခဲ့ပြီး စိတ်ကြွဆေးပြား (၃၇၁)မှု၊ ဆေးခြောက် (၅)မှု၊ ICE (၈)မှု၊ ဘိန်းစာရွက် (၁၇)မှု တို့ကိုဖမ်းဆီးအရေးယူခဲ့သည်။

သတင်း – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.