မော်လမြိုင်၊ ဒီဇင်ဘာ ၁၅

အုပ်ချုပ်ရေးပိုင်းနှင့် ဥပဒေပြုရေးပိုင်းမှတာဝန်ရှိသူတို့မှာ အာဏာရပြီးနောက်ပိုင်းတွင် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုကင်းကွာနေသည်ဟု နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။

ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတနှင့်မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူတွေနဲ့ထိတွေ့ဆက်ဆံမှုကအရေးကြီးပါတယ်။အုပ်ချုပ်ရေးပိုင်းပဲဖြစ်ဖြစ် ဥပဒေပြုရေးပိုင်းပဲဖြစ်ဖြစ် တစ်ချို့ကဘယ်လိုဖြစ်လဲဆိုတော့ ကိုယ်ကအုပ်ချုပ်ရေးပိုင်းလဲရောက်ရော ဥပဒေပြုမယ့်သူတွေလဲဖြစ်သွားရော ပြည်သူတွေကိုထိတွေ့ဆက်ဆံမှုမရှိတော့ဘူး။ ကင်းကွာနေတယ်။ ကျွန်တော်တို့ကိုတိုင်ပါတယ်”ဟု နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်မှ ပြောဆိုခဲ့သည်။

အစိုးရတာဝန်ရှိသူတွေအနေနှင့် မိမိတို့ရရှိထားသည့် လစာ၊ ရာထူးအဆောင်အယောင်နှင့် အာဏာတွေအပေါ် ဂုဏ်ယူဝံ့ကြွားရမည်မဟုတ်ကြောင်း သမ္မတကြီးမှ ထပ်မံပြောဆိုခဲ့သည်။

“ပြည်သူတွေနဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်လို့ ပြည်သူမျက်နှာမဲ့လာပြီဆိုရင် မစဉ်းစားနဲ့တော့ အဲ့တာဒီမိုကရေစီကျဆုံးခန်းပဲ “ ဟု နိုင်ငံတော်သမ္မတမှ ပြောဆိုခဲ့သည်။

မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးမှလည်း “ အချို့နေရာတွေက ဝင်ရောက်စွက်ဖက်တာ ကိုယ့်တာဝန်ထက်ကျော်လွန်ပြီးလုပ်တာ အဲ့တာတွေကကိုယ်စားလှယ်တွေ ထဲမှာလဲရှိတတ်တယ်။ အချို့ကိုယ်စားလှယ်တွေကလည်းဝန်ကြီးဖြစ်ချင်နေတာတွေရှိနေတယ်လို့ သမ္မတကပြောသွားတယ်။ ဝန်ကြီးဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကလည်း ကိုယ့်တာဝန်ကိုကျေပွန်အောင် မထမ်းဆောင်နိုင်တာတွေ မပြတ်သားတာတွေ ပြည်သူလူထုကိုမျက်နှာမမှုတာတွေရှိနေတယ် “ဟု နိုင်ငံတော်သမ္မတက ပြောဆိုသွားကြောင်း ပြောပြသည်။

ယမန်နေ့ကနိုင်ငံတော်သမ္မတနှင့် ပြည်နယ်ဌာနဆိုင်ရာများတွေ့ဆုံသည့် ပြည်နယ်ခန်းမရှေ့တွင် တိုင်ကြားစားပေးလိုသူများပြားခဲ့ပြီး တိုင်စာလက်ခံရန်ကြိုတင်ပြင်ဆင်ထားခြင်းမရှိသည့်အတွက် ရုန်းရင်းဆန်ခတ်အနည်းငယ် ဖြစ်ပွားခဲ့သည်။

သတင်းနှင့် ဓါတ်ပုံ – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.