မော်လမြိုင်၊ ဒီဇင်ဘာ ၁၃

ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များမှာ ပြည်သူလူထုကိုပစ်မှတ်ထားသောမိုင်းထောင်သည့်ပုံစံလို့ယူဆရကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အလယ်စခန်းကျေးရွာအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုများမှာ ယခုနှစ်အောက်တိုဘာလတွင် နှစ်ကြိမ် ၊ နိုဝင်ဘာလတွင် နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ပြည်သူသုံးဦးနှင့် မွန်ပြည်သစ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ခဲ့သည်။

“ အောက်တိုဘာမှာဖြစ်တဲ့ နှစ်ကြိမ်လုံးခြေထောက်ဖြတ်လိုက်ရတယ်။ နိုဝင်ဘာမှာဖြစ်တဲ့ ပထမခေါက်က လူတော့ဘာမှမဖြစ်သွားဘူး။ ဒုတိယအခေါက်က ခြေထောက်တော့မဖြတ်လိုက်ရဘူး။ ခြေဆစ်အရိုးတွေအများကြီး ကျိုးသွားကြတယ် “ ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အလယ်စခန်းအနီးတွင် ဒေသခံများမှီခိုလုပ်ကိုင်နေသော ရာဘာခြံဧက (၁၀၀၀၀)ကျော်ရှိပြီး တနသာၤရီတိုင်းဒေသကြီး ရေဖြူမြို့နယ်နှင့် မွန်ပြည်နယ် ရေးမြို့နယ်တို့မှ ရာဘာခြံလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံ (၄၀၀)ကျော်ခန့် မှီခိုနေကြသည်။

“ တမင်သက်သက်ပြည်သူတွေကိုပစ်မှတ်ထားပြီး ထောင်နေတာလို့ ယူဆရတယ်။ မိုင်းပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေက ခြံတွေကို ဆက်မသွားရဲကြတော့ဘူး “ ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ဒီဇင်ဘာလ (၄)ရက်နေ့က ထုတ်ပြန်ခဲ့သော ထားဝယ်ခရိုင်(မွန်ပြည်သစ်ပါတီ)၏ သဘောထားထုတ်ပြန်ချက်တွင်လည်း ခြံလုပ်ငန်းလုပ်ကိုင်နေသော မွန်လူမျိုးများအား ၎င်းဒေသတွင်မနေနိုင်စေရန် လူသွားလမ်းနှင့် ခြံများတွင် မိုင်းထောင်ခြင်းဖြင့် လူထုအားရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြေမြှုပ်မိုင်းပေါက်ကွဲခဲ့သောနေရာများသည် မွန်ပြည်သစ်ပါတီ (NMSP ) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU ) တို့လှုပ်ရှားသွားလာနေသော နယ်မြေများဖြစ်သည်။

မွန်ပြည်သစ်ပါတီ ( NMSPန္ဒနန် ) နှင့် ကရင်အမျိုးသားအစည်းအရုံး ( KNU ) တို့သည် NCA လက်မှတ်ရေးထိုးထားကြသော အဖွဲ့များဖြစ်သည့်အတွက် မြေမြှုပ်မိုင်းပေါက်ကွဲနေမှုများကို နည်းလမ်းရှာပြီး ပူးပေါင်းဖြေရှင်းသင့်တယ်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

အဆိုပါမြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ တနသာၤရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ JMC-U ၊ JMC –S (မွန်ပြည်နယ် ) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး ( KNU ) တို့ကို ကူညီဖြေရှင်းပေးရန် စာပေးပို့ထားကြောင်း ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

သတင်း – နောင်ခန့်

ဓာတ်ပုံ – မိစန္ဒာနန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.