မော်လမြိုင်၊ စက်တင်ဘာ ၁၁

ဒစ်ဂျစ်တယ်နည်းပညာဖြင့် မွေးဖွားမှုနှင့်သေဆုံးခြင်းဆိုင်ရာမှတ်တမ်းတင်ခြင်းစီမံချက် (Mobile birth and death registration project )ကို ပထမဦးဆုံးအနေဖြင့် မွန်ပြည်နယ်တွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူမှုရေးဝန်ကြီးဒေါက်တထိန်လင်းကပြောသည်။

အဆိုပါပရောဂျက်ကာလကို လ(၂၀)သတ်မှတ်ထားကာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ စတင် ဆောင်ရွက်သွားမှာဖြစ်ပြီး မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်ရှိ သားဖွားဆရာမများကို Mobile Tablets များပေးအပ်သွားမှာဖြစ်ကြောင်း သိရသည်။

“ အစီအစဉ်ကစတော့မယ်။ ဆရာမတွေကိုလည်း သင်တန်းတွေပို့ချသွားဖို့ရှိတယ် “ ဟု လူမှုရေး ဝန်ကြီးဒေါက်တာထိန်လင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် မွန်ပြည်နယ်ကိုစမ်းသပ်ဆောင်ရွက်သွားကာ အားနည်းချက် အားသာချက်များကိုပြန်ဆန်းစစ်သွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးတွင်ဒစ်ဂျစ်တယ်နည်းပညာသုံး မွေးဖွားမှုနှင့် သေဆုံးခြင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမည်ဟု သိရသည်။

“ E – government ရဲ့တစ်စိတ်တစ်ဒေသပါ။ Mobile Tablets တွေမှာ ဆော့ဝဲစ်သွင်းထားတယ်။ အကယ်၍ သေဆုံးမှုရှိခဲ့ပါက ဘာလက္ခဏာတွေပြလဲဆိုတာ ရိုက်ထည့်လိုက်တာနဲ့ဘာရောဂါနဲ့သေလဲဆိုတာ တန်းသိမယ်။ ဆရာမတွေက ဒီအချက်အလက်တွေကို ချက်ချင်းလုပ်နိုင်မယ်။ ကြားမှာအဆင့်အဆင့်ခံနေ စရာမလိုဘူး။ ကျွန်မတို့က ဆန်းစစ်ပြီးတော့ ဗဟိုဆာဗာကိုပို့ပေးသွားမှာပါ။ အဲဒီကနေအညွှန်းကိန်းတွေရမယ်။ မွန်မှာမွေးနှုန်းဘယ်လောက်ရှိလဲ။ ဘယ်နေ့မှာဘယ်လောက်ထိမွေးဖွားတာလဲဆိုတာတွေပါ သိရမှာပါ “ ဟု ဗဟိုစာရင်းအင်းဌာနက ဦးစီးအရာရှိ ဒေါ်လှလှရီကပြောသည်။

အဆိုပါပရောဂျက်အောင်မြင်သွားပါက မွေးဖွာမှုနှင့် သေဆုံးမှုဆိုင်ရာအချက်အလက်တွေကို အတိကျ ဆုံးဖော်ပြသွားနိုင်မှာဖြစ်ပြီး မလိုအပ်တဲ့အချိန်ကုန်မှုတွေကိုလဲလျော့ချသွားနိုင်မှာဖြစ်သည်ဟု ကျိုက်မရော မြို့နယ် က ကျန်မားရေးဦးစီးအရာရှိ ဦးသူရကျော်
ကပြောသည်။

“ အခုဆိုရင် ဆရာမတစ်ဦးက လူဦးရေရှစ်ထောင်လောက်ကိုင်နေရတဲ့အပိုင်းတွေရှိတယ်။ တစ်လ လောက်နေမှစာရင်းတစ်ခါသွင်းရတော့ လွဲမှားတာတွေရှိနိုင်တယ်။ အခုလိုလုပ်မယ်ဆိုရင် အဆင့်ဆင့်ဖြတ်စရာ မလိုတော့ ခုမွေးခုစာရင်းသွင်းလို့ရသွားပြီ “ဟု ၎င်းကပြောသည်။

အဆိုပါပရောဂျက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ UNICEF နှင့် TELENOR MYANMAR တို့ပူးပေါင်း၍ ဆောင်ရွက်ကြောင်း သိရသည်။

သတင်း – နောင်ခန့်
Photo – Google source

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.