မော်လမြိုင်၊ ဇူလိုင် ၁၇

၂၀၁၇ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့က အတည်ပြုပြဌာန်းထားသော မွန်ပြည်နယ်စည်ပင်သာယာရေး ဥပဒေအား ပြန်လည်သုံးသပ်နေသည့်အတွက်ကြောင့် ဥပဒေပါ စည်ပင်ကော်မတီဝင်များကို မရွေးချယ်နိုင် သေးကြောင်းနှင့် သုံးသပ်ပြီးမှ ပြန်ရွေးချယ်သွားမည်ဟု ဟု ဇူလိုင်(၁၀)ရက်နေ့က ပြုလုပ်သည့် မွန်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်နယ် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားခဲ့သည်။

“ကော်မတီဝင်တွေကို ထပ်ပြီးတော့ သီးခြားရန်ပုံငွေနဲ့ ကိုယ့်ဘက်ဂျက်နဲ့ ကိုယ်ရပ်တည်ရမှာဖြစ်တဲ့ အတွက် အဲ့ဒါကို သေချာပြန်သုံးသပ်နေတာဖြစ်ပါတယ်။ သုံးသပ်ပြီးရင်တော့ ကော်မတီဝင်တွေကို ပြန်ရွေးချယ် သွားမှာဖြစ်ပါတယ်”ဟုပြောသည်။

မွန်ပြည်နယ်စည်ပင်ဥပဒေအသစ် ပြဌာန်းခဲ့သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ကာ စည်ပင်သာယာရေး လုပ်ငန်းများအတွက် ဦးဆောင်အဖွဲ့ဖြစ်သည့် ပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာ ယာရေးကော်မတီကို ရွေးချယ်ရန် ပြောဆိုဆွေးနွေးမှုများလည်း ထွက်ပေါ်နေသည်။

မွန်ပြည်နယ်စည်ပင်ဥပဒေအရ ရွေးချယ်တင်မြှောက်ရမည့် စည်ပင်ကော်မတီသည် ထောက်ပံ့ငွေဖြင့် သွားရမည့်ကော်မတီဖြစ်ပြီး ရန်ပုံငွေအခြေအနေတွကို ပြန်လည်စိစစ်နေခြင်းဖြစ်သောကြောင့် အသေအချာ သုံးသပ်နေကြောင်းနှင့် အလျဉ်စလိုမရွေးချယ်ခြင်းဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

မွန်ပြည်နယ်စည်ပင်ဥပဒေကို အတည်ပြုကျင့်သုံးနေသလားဟုမေးမြန်းခြင်းအပေါ် ဝန်ကြီးမှ ကျင့်သုံး နေပြီဟု ဖြေကြားခဲ့သည်။ သို့သော်လည်း လက်ရှိ အတည်ပြုထားသည့် ဥပဒေသည် ယခင်စည်ပင်ဥပဒေ ဖြစ်သည့် မွန်ပြည်နယ်စည်ပင်သာယာ ရေးဥပဒေ အမှတ်( ၇/၂၀၁၅)ဖြင့် ရုပ်သိမ်းပြီးဖြစ်သော်လည်း ယခင် အစိုးရလက်ထက်က ယခင်စည်ပင်ဥပဒေ ဖြင့် ရွေးချယ်ထားသော မြို့နယ်၊ ပြည်နယ်စည်ပင် ကော်မတီများ သည် လက်ရှိအချိန်အထိ တည်မြဲနေဆဲ ဖြစ်နေသည်။
မွန်ပြည်နယ်စည်ပင်ဥပဒေအသစ်ကို အကောင်အထည်ဖော်ကျင့်သုံးရမည်မှာ အစိုးရအဖွဲ့၏ တာဝန်ဖြစ်ပြီး လွှတ်တော်ဘက်က အတည်ပြုပြီးခဲ့ပြီဟု မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးကော်မတီဥက္ကဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့ကပြောသည်။

“ ဒါကတော့ အစိုးရဘက်က အကောင်အထည်ဖော်ရမယ့်အပိုင်းပဲ။ လွှတ်တော်ဘက်က အတည်ပြု ပေးပြီးသွားပြီ။ ဘက်ဂျက်က ထည့်ဆွဲလို့ရတာပဲ။ ဒါကိုကြိုပြီးပြင်ဆင်ထားရမှာ။ ဘက်ဂျက်မရှိလို့ မလုပ်ဘူး ဆိုရင် ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကရောဘယ်လိုလုပ်မလဲ။ အစိုးရဘက်ကလုပ်ရမယ့်အပိုင်းပဲ”ဟု ပြောသည်။

မွန်ပြည်နယ်စည်ပင်ဥပဒေအသစ်၏ ရည်ရွယ်ချက်အပိုဒ်(၄)တွင် စည်ပင်သာယာရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှု ပိုမိုဖြစ်ထွန်းလာစေရန်ဟု ရေးသးထားသော်လည်း ပြည်သူပါဝင်နိုင်သည့်နေရာ ဖြစ်သော ပြည်နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများကိုမူ ဥပဒေထွက်ရှိပြီး တစ်နှစ်ကျော်ကြာသည် အထိရွေးချယ်ထားနိုင်ခြင်းမရှိသေးပေ။

ယခင်စည်ပင်ဥပဒေဖြင့်ရွေးချယ်ခံထားရသော သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးထွန်းမြင့်ကျော်ကမူ စည်ပင်ရွေးကောက်ပွဲပြန်လုပ်သင့်ပြီဟု ယခုလိုပြောသည်။

“ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ သဘောတရားအရ ရွေးကောက်ခံတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခု ဟာ ငါးနှစ်သက်တမ်းထက် တာဝန်သက်တမ်းမပိုသင့်ဘူး။ နောက်ကော်မတီရွေးချယ်နိုင်ဖို့ အဆင်သင့်ဖြစ်သင့်နေပါပြီ”ဟု ပြောသည်။

မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို ကြီးကြပ်ရန် မြို့နယ် စည်ပင်သာယာရေးကော်မတီကို ရွေးကောက်ခံ ငါးဦး၊ အစိုးရခန့် နှစ်ဦး စုစုပေါင်း (၇)ဦး၊ ယင်းအထဲမှ တစ်ဦးက ဥက္ကဌအဖြစ်တာဝန်ယူကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူရမည်ဖြစ်ဖော်ပြထားပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကို ကြီးကြပ်ရန် ပြည်နယ်ကော်မတီကို စည်ပင်ဝန်ကြီးက ဥက္ကဌအဖြစ်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌများမှ အဖွဲ့ဝင်အဖြစ် လည်းကောင်းပါဝင်ဖွဲ့စည်းရမည်ဟု စည်ပင်သာယာရေးလုပ်ငန်း၏ အုပ်ချုပ်မှုစနစ်ကို ဖော်ဆောင်ထားသည်။

စည်ပင်သာယာရေးကော်မတီ၏ သက်တမ်းသည် ရွေးကောက်ခံအစိုးရအဖွဲ့၏ သက်တမ်းနှင့် တူသည် ဟု ဥပဒေတွင်ဖော်ပြထားသည်။ သို့သော်လည်း မည်သို့သောအချိန်တွင် ပြုလုပ်မည်မသိသော စည်ပင် ကော်မတီ ရွေးကောက်ပွဲများ မှ ထွက်ပေါ်လာသော ရွေးကောက်ခံများအတွက် တာဝန်ယူလုပ်ဆောင်ရမည့် ကာလမှာ အငြင်းပွားဖွယ်ရာဖြစ်နေနိုင်သည်ဟု စည်ပင်ဥပဒေကို လေ့လာနေသည့် ကိုကျော်ဇေယျလွင်က ပြောသည်။

“ဥပဒေအတည်ပြုတာက တစ်နှစ်ကျော်ပြီ။ အစိုးရက တာဝန်ယူတာ နှစ်နှစ်ကျော်ပြီ။ အခု ၂၀၁၈ ဇူလိုင်လအထိ စည်ပင်ရွေးကောက်ပွဲမလုပ်နိုင်သေးဘူး။ ဘယ်အချိန်ရွေးမယ်ဆိုတာလည်းမသိဘူး။ ထားပါတော့ ဒီ ၂၀၁၉ နှစ်ဆန်းမှ စရွေးမယ်ဆိုရင် ရွေးကောက်ခံတွေအတွက် တာဝန်ယူရမယ့် သက်တမ်းက နှစ်နှစ်လောက်ပဲကျန်တော့မယ်။ ဒီအခါမှ သူတို့ရဲ့ လုပ်ဆောင်မှုကို တိုင်းတာဖို့ ခက်လာနိုင်တယ်။ ဆိုတော့ စည်ပင်ကော်မတီအတွက် ရွေးကောက်ပွဲတွေမလုပ်သေးတာဟာ ရွေးကောက်ခံတွေအတွက် အငြင်းပွားမှု ဖြစ်လာနိုင်တယ်”ဟု ပြောသည်။

ပြည်နယ်၊ မြို့နယ် စည်ပင်ကော်မတီများရွေးချယ်ရန်အတွက် ကော်မတီများဖွဲ့စည်းခြင်း၊ ရွေးချယ်ခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့မှ ထုတ်ပြန်သွားရန်ဟု ဥပဒေတွင်ရေးသားထားသော်လည်း ထုတ်ပြန်နိုင်သေးခြင်းမရှိပေ။ ထိုနည်းတူပင် စည်ပင်ဥပဒေအတည်ပြုပြဌာန်းမှု တစ်နှစ်ကျော်ကြာသည်အထိ နည်းဥပဒေကိုလည်း မထုတ်ပြန်နိုင်သေးပေ။

စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်ကမူ နည်းဥပဒေမထွက်ရသေးခြင်းနှင့် ပတ်သက်ပြီး ယခုလိုပြောသည်။

“လိုအပ်ချက်က နည်းနည်းလေးပဲ ထပ်ဖြည့်ရမှာဖြစ်တယ်။ အဲ့ဒါကြောင့် နည်းဥပဒေကို စတင်ဆွဲပြီး တော့ ဥပဒေချုပ်ရဲ့ အကြံပြုချက်တွေကို ရရှိဖို့ တင်ထားပြီးပါပြီ။ စည်ပင်နည်းဥပဒေ ထွက်လာပြီဆိုလို့ရှိရင် ခပ်စိတ်စိတ်လေး အရေးယူဆောင်ရွက်မှုတွေရှိလာတော့မှာဖြစ်ပါတယ်”ဟုပြောသည်။

စည်ပင်သာယာရေးလုပ်ငန်းများသည် ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ တစ်ခုတည်းသော လုပ်ပိုင်ခွင့်ရှိသည့် ဌာနဖြစ်ပြီး အများပြည်သူနှင့် အနီးစပ်ဆုံးဌာနတစ်ခုလည်းဖြစ်သည်။

အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တက်လာပြီးနောက်ပိုင်း မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဌာနကို ယခင်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကလည်းကောင်း၊ ဦးမင်းမင်းဦး နှုတ်ထွက်ပြီးနောက် ယာယီအဖြစ် ထိုစဉ်က လျှပ်စစ်ဝန်ကြီး၊ ယခုတာဝန်မှုနှုတ်ထွက်ခဲ့သည့် ဦးမင်းထင်အောင်ဟန်ကလည်းကောင်း၊ ယခုခန့်အပ် ထားသည့် ရွေးကောက်ခံမဟုတ်သော ဦးမင်းကျော်လွင်ကလည်းကောင်း အသီးသီးတာဝန်ယူခဲ့ကြသည်။

သတင်းနှင့် ဓါတ်ပုံ – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.