ရေး ၊ မတ် ၂၆

မွန်ပြည်သစ်ပါတီကဦးဆောင်ကျင်းပမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့် ဧပြီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ရေးမြို့မှာပြုလုပ်ရန် လျာထားခဲ့ပေမယ့် အဆိုပါအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် လူထုတွေ့ဆုံရှင်းလင်းပွဲများပြုလုပ်ရန် လိုအပ်တဲ့အတွက် ရက်ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း မွန်ပြည်သစ်တပ်တည်နေရာတွေမှာ လူထုတွေ့ဆုံရှင်းလင်းပွဲလုပ်ရန် ယခုလအစောပိုင်းက စီစဉ်ခဲ့သော်လည်း တပ်မတော်မှ လူဦးရေကန့်သတ်မှုအပေါ် နားလည်မှုရအောင် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။

” ခုထိ သေသေချာချာ ရေရေရာမဖြစ်သေးဘူး၊ ခုထက်ထိ လူထုတွေ့ဆုံရှင်းလင်းဖို့အတွက် မလုပ်ရသေးဘူး၊ အဲဒါကြေင့် ရက်ရွှေ့လိုက်ရတာပေါ့၊ အမျိုးသားအဆင့်ဆွေးနွေးပွဲလဲ ရက်ထပ်ရွှေ့ဖို့ NRPC, UPDJC သက်ဆိုင်ရာတွေကို စာတင်ထားပါတယ်၊ ရေးမြို့မှာလုပ်ဖို့အတွက် ကျွန်တော်တို့အာသီသရှိတယ်၊ ပြည်သူတွေကို ငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လိုရှိသလဲ၊ ဘယ်လိုအကြံပေးမလဲ၊ ဘယ်လိုသွားကြမလဲ၊ အင်န်စီအေနဲ့အတူ အဆိုပြုချက် ၈ ချက်လဲကျလာတာဆိုတော့ ဒါတွေကိုလည်းပြောပြရမှာပေါ့၊ ဒါကြောင့် လူထုတွေ့ဆုံရှင်းလင်းဖို့အတွက်လည်း အထူးလိုအပ်တာပေါ့၊ ကရင်မှာလဲ မွန်လူမျိုးအများဆုံးရှိတဲ့နေရာတွေမှာ ကျွန်တော်တို့ရဲ့တပ်တည်နေရာတွေမှာ လျာထားတာပေါ့၊ ဘာမှဖြစ်စရာအကြောင်းမရှိပါဘူး၊ အဲဒီအတွက် တပ်မတော်နဲ့ နားလည်မှုရအောင် ဆက်ပြီးတော့ ညှိနှိုင်းသွားပါ့မယ် ” လို့ မွန်ပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဝင်တစ်ဦးလည်းဖြစ်သူ နိုင်အောင်မငေးက ဆက်လက်ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် လူထုတွေ့ဆုံရှင်းလင်းပွဲဆောင်ရွက်မယ့်ကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦးက ” ကျွန်တော်ထင်တယ် ခွင့်တောင်းစရာလဲမလိုဘူး၊ ခွင့်ပြုချက်တောင်းဖို့လည်းမလိုအပ်ဘူးလို့ ဒီလိုပဲမြင်ပါတယ်၊ အခု အမျိုးသားအဆင့်ဆွေးနွေးပွဲလုပ်ဖို့ကျတော့ ညှိနှိုင်းနေတဲ့အနေအထားလို့ပဲကြားရတယ်၊ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေမတိုင်ခင် ဆက်စပ်ဆွေးနွေးပွဲတွေက ရှိကိုရှိရမယ်၊ ရှိသင့်တယ်၊ အမျိုးသားအဆင့်ကဘယ်လိုပုံစံကျင်းပမယ်၊ ဘယ်သူတွေလာဆွေးနွေးမလဲ၊ ဘယ်လိုပုံသဏ္ဍာန်ဆွေးနွေးကြမလဲ၊ ဘာခေါင်းစဉ်တွေဆွေးနွေးကြမလဲဆိုတာပေါ့၊ အမျိုးသားအဆင့်ရေးထားတော့ မွန်လူမျိုးတစ်မျိုးလုံးပါတာပေါ့၊ ဒီနေ့ပဲကျင်းပ ဒီနေ့ပဲအမျိုးသားအဆင့် ဒီခေါင်းစဉ်တပ်ဆွေးနွေးဆိုတော့ ဘယ်လိုမှ သဘာဝမကျဘူး၊ ကန့်သတ်မှုတွေလုပ်တယ်ဆိုတာက ဘာကြောင့်လုပ်လဲ ဘာစိုးရိမ်စရာရှိနေလဲဆိုတာကတော့ တားမြစ်တဲ့အဖွဲ့အစည်း၊ ကန့်သတ်တဲ့အဖွဲ့အစည်းကိုပဲ မေးရမှာပါ၊ အမျိုးသားအဆင့်အောင်အောင်မြင်မြင်နဲ့ပြီးစီးနိုင်ဖို့လိုအပ်တယ် ”ဟု ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအနေနဲ့ ယခုလ ၂၃ ရက်နေ့က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ်မှာကျင်းပနိုင်ဖို့အတွက် ကော်မတီဝင် ၉ ဦးပါ မွန်ပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခဲ့သည်။

သတင်းနှင့် ဓါတ်ပုံ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.