ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ
မော်လမြိုင်၊ မတ် ၂၅
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ်အခွန်ဌာနတို့ ပူးပေါင်းဆောင်ရွက်ပါက မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်များမှ ပြည်နယ်အတွက် အခွန်များစွာ ရရှိနိုင်ကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ သံထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။
“ဘာကြောင့်လဲဆိုတော့ နံပါတ်တစ်က တည်ခိုးတဲ့သူတွေရဲ့စာရင်းအစ နေ့စဉ် နယ်မြေခံရဲစခန်းကို အကြောင်းကြားရတယ်၊ အဲအတွက် ဒီနေ့ ဘယ်လောက်တည်လဲ ဆိုတာ အခွန်ဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ ပူးပေါင်းပြီးဆောင်ရွက်ရင် အတိအကျရနိုင်တဲ့ကိစ္စမျိုး၊ ဘယ်ဟိုတယ်မှလဲ တည်ခိုးတဲ့ စာရင်းကို မပေးဘဲ မနေဘူး၊ ဘာကြောင့်လဲဆို လုံခြုံရေးအကြောင်းပြချက်နဲ့ ဒီဟာက ပေးကိုပေးရတယ်”ဟု ဦးအောင်ကျော်သူက ဆိုသည်။
မွန်ပြည်နယ်ရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ်အခွန်ဌာနတို့ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ညီမျှအောင် လုပ်ဆောင်လျှင် အခွန် အများကြီး တတ်လာနိုင်ပြီး ပြည်နယ်အတွက်ဆိုသည့် စိတ်မျိုးထားတတ်ရန် လိုကြောင်း ၎င်းက ပြောသည်။
“အခွန်ဌာနကို မေးဖူးတယ်၊ အခွန်ဌာနက ဘာပြောလဲဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူတို့ရဲ့စာရင်းဇယားတွေ ပေးလိုမရဘူးလို့ ပြောတယ်၊ အမှန်တကယ်ကတော့ ကိုယ့်ပြည်နယ်အတွက် ကိုယ့်နိုင်ငံအတွက် အခွန်ငွေတွေ တိုးတတ်ရရှိရေး တိုးတတ်ရရှိရေး ဟာမျိုး စိတ်မျိုးနဲ့ ဆိုရင် ပူးပေါင်းဆောင်ရွက်သင့်တဲ့လို့ မြင်တယ်”ဟု ဦးအောင်ကျော်သူက ဆက်ပြောသည်။
မော်လမြိုင်မြို့တွင် အခန်း ၃၃ ခန်းသာရှိသော နံ့သာဖြူဟိုတယ်က ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် ၂၅၉၅၁၈၀၈ ကျပ်၊ ၂၀၁၅-၂၀၁၆ စည်းကြပ်နှစ်အတွက် ၂၄၃၀၄၂၆၄ ကျပ်နှင့် ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ၂၁၇၆၂၂၅၀ ကျပ် ဝင်ငွေခွန်ထမ်းဆောင်ခဲ့ပြီး မွန်ပြည်နယ်တွင် ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့် လုပ်ငန်းရှင်စာရင်းတွင် သုံးနှစ် ဆက်တိုက်ပါဝင်ခဲ့သည်။
မွန်ပြည်နယ်တွင် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အများဆုံးလာရောက်တည်ခိုးသော ဟိုတယ်ကြီးများသည် ကျိုက်ထိုမြို့နယ်နှင့် မော်လမြိုင်မြို့တွင်သာ အများဆုံးရှိကြောင်း သိရသည်