“ကျွန်မသေတော့မလိုအထိ ခံစားခဲ့ရပါတယ်!” ဟုအစချီထားသော ဆေးယဉ်ပါးတီဘီလူနာတစ်ယောက် ကိုယ်တိုင်ပြောကြားထားသည့် သက်သေခံချက်သည် ဆေးယဉ်ပါးတီဘီရောဂါရဲ့ အန္တရာယ်၊ ရောဂါရှာဖွေ စစ်ဆေးမှု ခံယူရန်နေရာ၊ ရရှိနိုင်သောဆေးကုသမှုများနှင့် တီဘီရောဂါကူးစက်မခံရအောင် မည်သို့ရှောင်ရှားရမည်ကို ထိရောက်စွာ သတိပေးနေပါသည်။
(ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၁၈ ခုနှစ်၊ ရန်ကုန်၊ မြန်မာ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း
အနေဖြင့် ဆေးယဉ်ပါးတီဘီရောဂါ အန္တရာယ်များကို သတိပေးသည့် အမျိုးသားအဆင့် လူထုလှုံ့ဆော်လှုပ်ရှားမှု အစီအစဉ်တစ်ရပ်ကို ယနေ့စတင်
လိုက်ပြီ ဖြစ်ပါသည်။
ဆေးယဉ်ပါးတီဘီရောဂါ အမှန်တကယ်ဖြစ်ခဲ့ဖူးသူ မစံပါယ်ဖြူ ကိုယ်တိုင် ဆေးယဉ်ပါးတီဘီဖြစ်ပွားစဉ်က သူမတွေ့ကြုံခံစားရမှုများနှင့် ပြန်လည် ကျန်းမာ လာစေရန် ရင်ဆိုင်ကျော်လွှားခဲ့ရပုံများကို မစံပါယ်အမည်ဖြင့် အသိပညာပေးမှုများတွင် ပါဝင်ပြောကြားပေးထားသည့် ယခု လူထု လံှှု့ဆော် လှုပ်ရှားမှုသည် မြန်မာနိုင်ငံ၏ ဆေးယဉ်ပါးတီဘီရောဂါ အသိပညာပေး လှုပ်ရှားမှုများ အနက် ပထမဦးဆုံးအမျိုးသားအဆင့် လှုပ်ရှားမှု တစ်ရပ် ဖြစ်နိုင်ပါသည်။ မစံပါယ်မှ ဆေးယဉ်ပါးတီဘီကူးစက်မှုုအန္တရာယ်ကို လျှော့ချနိုင်ရန် လိုက်နာရမည့်အချက်များကိုလည်း ပြောပြပေးထားပါသည်။ လိုက်နာရမည့် အချက်များတွင် နှစ်ပတ်ထက်ပို ချောင်းဆိုးခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်းသို့မဟုတ် တငွေ့ငွေ့ဖျားခြင်းစသော တီဘီရောဂါလက္ခဏာများတွေ့ရသည်နှင့် သွားရောက် စစ်ဆေးမှုခံယူရန်ဟူသည့် အချက်ပါဝင်ပါသည်။ တီဘီရောဂါတွေ့ရှိရပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)မှ အသိအမှတ်ပြုထားပြီး နိုင်ငံတစ်ဝှမ်းရှိ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ဆေးရုံ ဆေးခန်းများတွင် အခမဲ့ ရယူနိုင်သော တီဘီရောဂါကုဆေးဝါးများကို စနစ်တကျ မှန်ကန်စွာသောက်သုံးရန်အရေးကြီးလှပါသည်။ လေမှတဆင့်ကူးစက်တတ်သော တီဘီရောဂါကို နှာချေချောင်းဆိုးတိုင်းစနစ်တကျဖုံးအုပ်ဆိုးခြင်းဖြင့် ရောဂါပိုးပြင်ပသို့ ပျံ့နှံ့ ကူးစက်ခြင်းများကို လျော့ကျစေကြောင်း လူထုလှုံ့ဆော်လှုပ်ရှားမှုအစီအစဉ်၏ အသိပေးရှင်းလင်းပွဲတွင် အဖွင့်မိန့်ခွန်း ပြောကြားပေးသော ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ သဝန်လွှာကို ကိုးကား၍ ပြောကြားသွားခဲ့ပါသည်။ ဆက်လက်၍:
“တီဘီရောဂါကုသမှုကို အချိန်ကာလအပြည့်မခံယူခြင်း၊ ဆေးများကို ညွှန်ကြားထားသည့်အတိုင်း မှန်မှန်ကန်ကန် မသောက်ခြင်း၊ အရည်အသွေးမပြည့်မီသောဆေးဝါးများအသုံးပြုခြင်း၊ ဆေးကုထုံးမှားယွင်းခြင်းစတဲ့အချက်များကြောင့် တီဘီရောဂါကုဆေးများကို တီဘီပိုးမှယဉ်ပါးသွားပြီး ဆေးယဉ်ပါးတီဘီဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေး အသိပညာတွေကို ပြည်သူလူထုအကြားပျံ့နှံ့ရောက်ရှိအောင် ယခုလိုမျိုးပညာပေး လှှုံ့ဆော်လှုပ်ရှားမှု အစီအစဉ်တွေများစွာ လိုအပ်လျက်ရှိပါတယ်။”
အဆိုပါ ကြော်ငြာများကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့်ရေဒီယိုများ၊ မီဒီယာများမှ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း တစ်နိုင်ငံလုံးသို့ ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ ယခု လူထုလှုံ့ဆော်လှုပ်ရှားမှုအစီအစဉ်တွင် လူထုအခြေပြု ဆေးယဉ်ပါး တီဘီဆိုင်ရာ ကြော်ငြာများကို မြန်မာနိုင်ငံတစ်ဝှမ်း၊ မြို့နယ် ၁၀ မြို့နယ်ရှိ မင်္ဂလာရုံအပါအဝင် စပ်ဆက်ရုပ်ရှင်ရုံ (၂၂)ရုံတွင် ပြသခြင်းလည်းပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ကျန်းမာရေးဌာနများတွင် ဆိုင်းဘုတ်ပေါင်း အခု (၃၀၀) စိုက်ထူခြင်း၊ ပိုစတာပေါင်း (၃၀၀၀၀) ဖြန့်ချိခြင်းနှင့် လက်ကမ်းစာစောင်ပေါင်း (၁၅၀၀၀၀) ရွက်ရေ ဖြန့်ဝေခြင်းများလည်းပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိတီဘီရောဂါဆိုင်ရာလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြသည့် NGO အဖွဲ့အစည်းများမှ သင်တန်းများပို့ချရာတွင် အသုံးပြုနိုင်ရန် ဆေးယဉ်ပါးတီဘီ လူနာများ၏ ဖြစ်ရပ်မှန်များကို ရိုက်ကူးထားသော ပြည်သူအခြေပြုရုပ်သံမှတ်တမ်းများကိုလည်း ဖြန့်ချိပေးသွားမည် ဖြစ်ပါ သည်။
မြန်မာနိုင်ငံအတွင်း တီဘီရောဂါဆိုင်ရာ ဗဟုသုတနှင့် သဘောထားများကို ဖော်ထုတ်သည့် စိစစ်မှုတစ်ခုပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ယခု အမျိုးသားအဆင့်ဆေးယဉ်ပါးတီဘီလူထုလှုံ့ဆော်လှုပ်ရှားမှုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်မြို့ကြီးများရှိ တီဘီရောဂါဆိုင်ရာ လုပ်ငန်းများတွင် အဓိက ဆက်နွယ် ပတ်သက်နေသူများနှင့် တီဘီရောဂါဆိုင်ရာ နည်းဗျူဟာများ၊ ဖြေရှင်းရန်လိုအပ်သော အရေးကြီးပြဿနာများကို ဆွေးနွေး တိုင်ပင်ခဲ့ကြပါသည်။ ဆွေးနွေးမှုများကို အခြေခံကျန်းမာရေးလုပ်သားများ၊ တီဘီနှင့်ဆေးယဉ်ပါးတီဘီရောဂါ လူနာများကို တိုက်ရိုက်ကြည့်ရှုဆေးတိုက်ကျွေးသူများ၊ ဆေးယဉ်ပါးတီဘီလူနာများနှင့် အခြား ရောဂါဖြစ်နိုင်ချေ မြင့်မားသော ပြည်သူ အစုအဖွဲ့များနှင့်လည်း ပြုလုပ်ခဲ့ကြပါသည်။ စိစစ်မှု၏ တွေ့ရှိချက်များအရ အချို့လူနာများနှင့် တီဘီရောဂါ ဖြစ်နိုင်ချေ မြင့်မားသူအစုအဖွဲ့တွင် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍနှင့်ပတ်သက်၍ အသိအားနည်းမှု ရှိနေခြင်း၊ တီဘီရောဂါ ဆိုင်ရာ အသိပညာ ဗဟုသုတနှင့်ခံယူချက်များ၊ ရောဂါကာကွယ်ခြင်းဆိုင်ရာ အလေ့အထများ အားနည်းမှုရှိနေခြင်းတို့ကို သိရှိခဲ့ရပါသည်။ ခွဲခြားနှိမ်ချဆက်ဆံခြင်းကလည်း ကျန်းမာရေးစောင့်ရှောက်မှုရယူခြင်းနှင့် ကုသမှုကို ပြီးဆုံးအောင် စနစ်တကျခံယူခြင်းတို့ကို နှောင့်နှေးစေပြီး တီဘီရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့် ပြောင်းလဲရေးတွင်လည်း အဟန့်အတားဖြစ်စေပါသည်။
ယခု လူထုလှုံ့ဆော်လှုပ်ရှားမှုလုပ်ငန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှဆောင်ရွက်ခြင်းဖြစ်ပြီး၊ နည်းပညာဆိုင်ရာနှင့် ရန်ပုံငွေကို INGO အဖွဲ့အစည်း တစ်ခုဖြစ်သော FHI 360 အဖွဲ့မှ ဆောင်ရွက်လျှက်ရှိသည့် USAID Challenge TB စီမံချက်မှ ပံ့ပိုးပေးခြင်းဖြစ်ပါသည်။ လူထုလှုံ့ဆော်လှုပ်ရှားမှုလုပ်ငန်းတွင် သတင်းအချက်အလက်ဒီဇိုင်းကို အထောက်အထား အခြေခံသောပုံစံ (Evidence based approach) ကိုအသုံးပြုထားပြီး ရန်ကုန်နှင့် နေပြည်တော်တွင် အများပြည်သူတို့နှင့် အစမ်းစစ်ဆေးခြင်းပြုလုပ်ထားသော သတင်းအချက်အလက်ပုံစံများကို လံှု့ဆော်လှုပ်ရှားမှုများတွင် အသုံးပြုသွားမည် ဖြစ်ပါသည်။ လူထုလှုံ့ဆော်လှုပ်ရှားမှု၏ အချောသတ်ပုံစံကို နိုင်ငံအတွင်းရှိ တီဘီရောဂါဆိုင်ရာလုပ်ငန်းများ လုပ်ကိုင် နေသော ဆက်နွယ်ပတ်သက်သူများနှင့် ၂၀၁၇ ခုနှစ်က နေပြည်တော်တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် မတ်လတွင် လှုံ့ဆော်လှုပ်ရှားမှုလုပ်ငန်းများ ပြီးဆုံး သည့်အခါ တွေ့ရှိချက်များကို အကဲဖြတ် သုံးသပ်နိုင်ရန်လည်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းကို Challenge TB Project၊ FHI 360 မှ နည်းပညာဆိုင်ရာပံ့ပိုးမှုများထပ်မံပေးသွားမည်ဖြစ်ပါသည်။

FHI360 Country Director ဒေါက်တာဆောင်းဦးဇာနည်မှ :
“အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းကပြုလုပ်တဲ့ ဆေးယဉ်ပါးတီဘီဆိုင်ရာ လူထုလှုံ့ဆော်လှုပ်ရှားမှုဟာ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ အမျိုးသားမဟာဗျူဟာစီမံကိန်း၊ ကမ္ဘာ့ တီဘီရောဂါဆိုင်ရာနည်းဗျူဟာများ၊ United Nations’ Sustainable Development Goals များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ End TB Strategy တို့ရဲ့ ကမ္ဘာ့တီဘီရောဂါကပ်ဘေးကို အဆုံးသတ်ရေးဆိုတဲ့ ဘုံရည်မှန်းချက်ကို ရောက်ရှိရန် မြန်မာနိုင်ငံမှာလည်း တီဘီရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ သက်သေအထောက်အထားအခြေခံတဲ့ အကောင်းဆုံး နည်းလမ်း၊ ချဉ်းကပ်မှုပုံစံများကို အသုံးပြုလာပြီဆိုတာကို သိသာစေပါတယ်။”
မြန်မာနိုင်ငံသည် တီဘီရောဂါအဖြစ်အများဆုံးနှင့် တီဘီအိပ်ချ်အိုင်ဗွီရောဂါအဖြစ်အများဆုံး နိုင်ငံပေါင်း (၃၀) တွင်ပါဝင်ကာ တီဘီရောဂါကို အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ဦးစားပေးတိုက်ဖျက်ရမည့်ရောဂါအဖြစ် သတ်မှတ်ထားပါသည်။ ရန်ကုန်တိုင်းဒေသကြီးမှာ (၂၀၁၆) ခုနှစ်တွင် တီဘီရောဂါဝေဒနာရှင် (၃၂၇၇၇) ဦးဖြစ်ပွားပြီး မြန်မာတစ်နိုင်ငံလုံး၏ (၂၃%) ရှိပါသည်။ ဆေးယဉ်ပါးတီဘီရောဂါသည် တိုင်းပြည်အတွင်း နှစ်စဉ် လူပေါင်းများစွာ ဖြစ်ပွားခံစားရလျှက်ရှိသော ကျန်းမာရေး
ပြဿနာတစ်ရပ်ဖြစ်ပြီး ပြင်းထန်ဆေးယဉ်ပါးတီဘီ လူနာအချို့လည်းစစ်ဆေးတွေ့ရှိခဲ့ပါသည်။
သုတေသနတွေ့ရှိချက်များအရ တီဘီရောဂါဆိုင်ရာ အသိပညာနည်းပါးမှုသည် ရောဂါကုထုံးများကို သေချာလိုက်နာမှု မရှိခြင်း၊ကုသမှုရလဒ်များမကောင်းခြင်းစသောနောက်ဆက်တွဲဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်ပါသည် သို့ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမျိုးသားကျန်းမာရေးစီမံကိန်းအရ ဦးစားပေးရောဂါသုံးမျိုးတွင် တစ်မျိုး အပါအဝင်ဖြစ်သော တီဘီရောဂါဆိုင်ရာ အသိမြှင့်တင်ခြင်းသည် စီမံကိန်းလုပ်ငန်းများအောင်မြင်မှုအတွက် အလွန် အရေးပါလှပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.