မော်လမြိုင်၊ ဧပြီ ၄

သင်္ကြန်ကာလတွင် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ တက်ရောက်ကုသသည့် လူနာ အရေအတွက် များပြားလာလျှင် ဆရာဝန်များ၊ သူနာပြုများ၏ ဂျူတီတာဝန်များကို ကြိုတင်သတ်မှတ်ထားပြီး

ဆေးဝါးပြတ်လပ်မှုမရှိစေရန်အတွက် ပြင်ဆင်ထားကြောင်း မော်လမြိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမောင် မောင်ဇင်က ပြောသည်။

ဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရန်အတွက် ဧပြီ ၂ရက်နေ့မှစ၍စားရင်းပြုစုထားပြီး လူနာများအား လောက်ငှစွာကုသနိုင်ရန် ကြိုတင်သိုလောင်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

“အရေးပေါ်ဌာနအတွက် အထူးကုဆရာဝန်ကြီးတွေကို ဂျူတီချထားတယ်။ အစုလိုက်အပြုံလိုက် ယာဉ် တိုက်မှုဖြစ်ပြီး ရောက်လာတဲ့လူနာတွေအတွက် နေရာထိုင်ခင်းအဆင်ပြေအောင်လည်း စီစဉ်ထားတယ်။ လိုအပ်တဲ့ဆေးတွေလည်း ကြိုထုတ်ထားပြီးပြီ “ဟု ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်ဇင်က ပြောသည်။

သင်္ကြန်တွင်းရောက်လာသည့် လူနာများကို ဆေးရုံကြီးတွင်ကုသနိုင်ရန် အထူးကုဆရာဝန်(၁၁)ဦးကို ဂျူတီကြိုတင်ချမှတ်ထားပြီး အစုလိုက်အပြုံလိုက်ယာဉ်တိုက်မှုဖြစ်တတ်သည့် အရေးပေါ်ဖြစ်စဉ်များအတွက် အထူးဂျူတီများကိုလည်း စီမံထားကြောင်းသိရသည်။

၂၀၁၆ခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် မော်လမြိုင်ပြည့်သူ့ဆေးရုံကြီးသို့ ယာဉ်တိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရ၍ ရောက်ရှိလာသောလူနာ(၁၅၀)ခန့်ရှိပြီး သေဆုံးသူ ၁၂ဦးရှိခဲ့ကြောင်း သိရသည်။

သတင်း – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.