မုဒုံ၊ ဧပြီ ၅
မုဒုံမြို့နယ်သည် နှစ်စဉ်ရေရှားပါးမှုပြဿနာကိုကြုံတွေ့ရသည့်မြို့နယ်တစ်ခုဖြစ်ပြီးယခုနှစ်နွေရာသီသောက်သုံးရေရှားပါးမှုအားကော်မတီဖွဲ့စည်းကာနည်းလမ်းပေါင်းစုံဖြင့်ကူညီသွားမည်ဖြစ်ကြောင်းမြို့နယ်နွေရာသီသောက်သုံးရေရရှိရေးကော်မတီထံမှသိရှိရသည်။

“ဒီနှစ်ကဘယ်ရွာမှရေမတောင်းသေးဘူး၊ရေအဆင်ပြေနေတယ်လို့သိရတယ်၊မနှစ်ကတော့မတ်လနောက်ဆုံးပတ်ကတည်းကကျေးရွာအချို့မှာရေရှားနေပြီးဆိုသာကိုဆိုင်ရာ၊ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကတင်ပြကြတယ်၊ပြီးခဲ့တဲ့ရပ်၊ကျေးအစည်းအဝေးမှာတော့ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ကဧပြီလအတွင်းရေလိုအပ်မယ်လို့တင်ပြလာကြတယ်၊ဒါကိုအားလုံးနဲ့ပေါင်းစပ်ပြီးကူညီဆောင်ရွက်သွားမှာပါ”ဟုမြို့နယ်နွေရာသီသောက်သုံးရေရရှိရေးကော်မတီဥက္ကဌဦးကျော်ထင်ကသံလွင်တိုင်းမ်ကိုပြောသည်။

မုဒုံမြို့နယ်အတွင်းတွင်ယခင်ကကွင်းပိုင်းကျေးရွာများဖြစ်ကြသည့်ကင်းချောင်း၊ဝဲကလိ၊ကမာအုပ်၊ကတုံးပေါ်၊ဘလောက်ညောင်ဝိုင်း၊ထုံမံ၊ကွမ်ကဗွီးကျေးရွာအများစုတွင်သာနှစ်စဉ်သောက်ရေအခက်အခဲရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်မြေအောက်ရေဆုတ်လျော့လာခြင်းနှင့်နှင့်သဘာဝပတ်ဝန်ကျင်အနေအထားပြောင်းလဲခြင်းတွေကမြို့နယ်အတွင်းမှာရေရှားပါးသည့်ကျေးရွာနှစ်စဉ်တိုးပွားလာရခြင်းဖြစ်ကြောင်း၊မြို့နယ်အတွင်းရေရှားပါး သည့်ကျေးရွာများအားသောက်ရေများ(ရေသန့်)သွားရောက်လှူဒါန်းသည့်ကရုဏာလက်များပရဟိတအဖွဲ့မှ ဦးမင်းစိုးကပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြအောင်မှ”အခြားမြို့၊ရွာတွေမှာတော့မြန်မာနိင်ငံရဲတပ်ဖွဲ့မှရေလှူဒါန်းတာတွေ ပြုလုပ်နေကြတာကိုတွေ့မြင်နေရပြီး၊ဒီမြို့နယ်မှာကအချို့ရွာတွေမှာသောက်၊သုံးရေကျန်နေသေးတဲ့အပိုင်းရှိတော့၊ရေလိုအပ်ပါကမြို့နယ်ရဲတပ်ဖွဲ့မှလည်းတက်ညီ၊လက်ညီပူးပေါင်းပြီးဆောင်ရွက်သွားမယ်”ဟုဆိုသည်။

မတ်လ(၃၁)ရက်ကပြုလုပ်သည့်ရပ်/ကျေးအစည်းအဝေးတွင်ဧပြီလအတွင်းရေလိုအပ်မှုရှိမည်ဟူ၍ကမာအုပ်၊ကင်းချောင်း၊ကတုံးပေါ်၊ဝဲကလိ၊ဘလောက်ညောင်ဝိုင်း၊ပိုင်ကမာ၊ကလော့သော့၊တောင်ပ၊တော်ကူး၊ကော့ပီထော်၊နိင်လှုံအောက်ပိုင်းကျေးရွာများမှကြိုတင်ကာတင်ပြထားကြောင်းလည်းသိရှိရသည်။

ကတုံးပေါ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းအောင်က”ရွာမှာကန်ရေကရှိနေသေးတော့သုံးရေအခက်အခဲမရှိပါဘူး၊ရေလာရောင်းတဲ့ကားတွေကလည်းတစ်နှစ်ပတ်လုံးရှိတော့အချို့ကရေဝယ်သုံးတဲ့အတွက်ကြောင့် လည်း ဒီနှစ်ကန်ရေထင်သလောက်လျော့ပါးသွားသာမရှိပါဘူး၊ဘယ်လိုဘဲဖြစ်ဖြစ်၊ရေလာလှူရင်တော့ရွာသူ၊ ရွာသားတွေအတွက်ပိုကောင်းပါတယ်၊လာလှူမယ်ဆိုရင်လည်းအိမ်ခြေက(၃၀၀)ရှိတော့၊ဟိုအိမ်မရ၊ဒီအိမ်မရမဖြစ်စေဖို့လုံလုံလောက်လောက်လှူဒါန်းသာမျိုးလည်းဖြစ်လိုပါတယ်”ဟုပြောသည်။

မုဒုံမြို့နယ်နွေရာသီသောက်သုံးရေရရှိရေးကော်မတီအားဌာနဆိုင်ရာ၊မြို့မိ၊မြို့မ၊မီဒီယာ၊လူမှုရေးအသင်းအဖွဲ့များ၊လုပ်ငန်းရှင်များပါဝင်ကာလူဦးရေ(၃၀)ဦးဖြင့်(၃၀၊၃၊၂၀၁၇)ရက်နေ့၊(၁၀း၀၀)နာရီတွင်ဖွဲ့စည်းခဲ့ပြီးယင်းအခမ်းအနားတွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ထင်၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြအောင်၊မြို့နယ်ကျေးလက်ဦးစီးမှူးဦးမိုးရန်နိင်၊လမ်းဦးစီးဒေါ်မြမြဝင်း၊လျှပ်စစ်ဦးစီးမှူးဦးသန်းဦးတို့မှကျပ်ငွေ(၅၀၀၀၀)စီထည့်ဝင်လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

မုဒုံမြို့နယ်တွင်ယခင်နှစ်ကအခွန်၊ကတုံးပေါ်၊ပိုင်ကမာ၊ကလော့သော့၊ဝဲကလိ၊ကမာအုပ်၊ကင်းချောင်းကျေးရွာတို့တွင်သောက်သုံးရေရှားပါးမှုဒဏ်အားအဓိကရင်ဆိုင်ခဲ့ရပြီး၊(၅၊၆၊၂၀၁၆)မှ(၁၁၊၅၊၂၀၁၆)ရက်နေ့ထိအိမ်ထောင်စု(၃၄၁၇)၊လူဦးရေ(၁၅၁၇၉)ဦးတို့အားသောက်သုံးရေဂါလံပေါင်း(၂၁၃၉၇၂၀)လှူဒါန်းမှုပြုလုပ်ပေးခဲ့ကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးစာရင်းအရသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.