(ပုံ - နောင်ခန့်)

မော်လမြိုင် ၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်အပါအဝင်ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင်ရှိသော အခြေခံပညာကျောင်းများမှ ပထမတန်းကျောင်းသူ၊ကျောင်းသားများကို လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်က စပြီး ဘာသာရပ်ကိုးခုဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(အောက်မြန်မာပြည်) မှ သတင်းရရှိသည်။

သင်ရိုးသစ်အတွက် ပထမတန်းကျောင်းသူ၊ ကျောင်းသားများကို မြန်မာစာ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊အထွေထွေ သိပ္ပံနှင့် လူမှုရေး ဘာသာရပ်တို့အပြင် ကာယပညာ ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ ၊ အနုပညာ(ဂီတ နှင့် ပန်းချီ ) ၊ စာရိတ္တနှင့် ပြည်သူ့နီတိ စသည့်ဘာသာရပ် ကိုးခုဖြင့် လာမည့် ဇွန်လ ကျောင်းဖွင့်ချိန်တွင် စတင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“ပထမတန်းကို (၉) ဘာသာနဲ့ သင်ကြားပို့ချသွားမှာပါ။ သင်ကြားတဲ့ အခါလည်း ပင်မသင်ရိုးနဲ့ တွဲဖက်သင်ရိုးဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ မြန်မာစာတို့ အင်္ဂလိပ်စာတို့ကတော့ ပင်မသင်ရိုးပေါ့။ဒီနှစ်က စသင်ပေးမှာပါ။” ဟု ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ၊ မြန်မာနိုင်ငံ ပညာရေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုလည်း ဖြစ်သည့် ဒေါက်တာခိုင်မြဲ က သံလွင်တိုင်းမ်သို့ ပြောကြားသည်။

အဆိုပါ သင်ရိုးသစ်ကိုပြောင်းလဲနိုင်ရန်အတွက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ဗဟိုအဆင့် ဆွေးနွေးပွဲများပြုလုပ်သွားရန်ရှိပြီး မတ်လတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆွေးနွေးပွဲ ၊ ဧပြီလတွင် မြို့နယ်အဆင့် ဆွေးနွေးပွဲများပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

(ပုံ - နောင်ခန့်)
(ပုံ – နောင်ခန့်)

ယင်းသို့ သင်ကြားရာတွင် ယခင်အတိုင်း အဓိက ဘာသာရပ်များကို ဦးစားပေးသင်ကြားသွားမှာ မဟုတ်တော့ဘဲ ဘာသာရပ်အားလုံးကို အဆင့်တူသတ်မှတ်ကာ တန်းတူ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.