မော်လမြိုင်၊ နိုဝင်ဘာ ၁၅

ချောင်းဆုံမြို့နယ်တွင် လစ်လပ်လျက်ရှိသော ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာအတွက် လာမည့် ဧပြီလ(၁)ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မွန်နိုင်ငံရေးပါတီနှစ်ခုစလုံး ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဟု နှစ်ပါတီ၏ တာဝန်ရှိသူများထံမှ သိရသည်။<!--more-->

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ်က အနိုင်ရရှိခဲ့ပြီးနောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးအဖွဲ့ဝင် ဖြစ်သွားသဖြင့် ထိုမဲဆန္ဒနယ်မြေနေရာအတွက် လစ်လပ်သွားခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ဗဟို အစည်းအဝေးလုပ်တယ်။ ဝင်ပြိုင်သွားဖို့ရှိ တယ်။ ဘယ်သူ့ကို ယှဉ်ပြိုင်ခွင့်ပေးမယ်ဆိုတာ မြို့နယ်က လူရွေးပေးမယ် ဗဟိုက ဆုံးဖြတ်ချက်ချပေးယုံပဲ အခုအချိန်ထိတော့ လူမရွေးရသေးဘူး“ ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး နိုင်စံတင်က ပြောသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် မဲဆန္ဒနယ် ၃၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လွှတ်တော် တစ်နေရာသာ အနိုင်ရရှိခဲ့သည်။

“ကျွန်တော်တို့ မွန်အမျိုးသားပါတီ ပြိုင်သွားဖို့ ချောင်းဆုံမြို့နယ်ကို ညွန်ကြားချက်ထုတ်ထားတယ်။ ဘယ်သူ့ကိုရွေးချယ်မလဲ၊ မဲဆွယ်စည်းရုံးရေးကို ဘယ်လိုလုပ်မလဲဆိုတာ မြို့နယ်ကို ဆုံးဖြတ်ပိုင်ခွင့်ပေးတယ်“ ဟု မွန်အမျိုးသားပါတီမှ အတွင်းရေးမှူး (၂) နိုင်စိုးမြင့်က ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီသည် မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၄၅ နေရာတွင် ၃၄ နေရာ ဝင်ရောက်ယှဉ်ခဲ့ပြီး အမျိုးသားလွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာ အနိုင်ရရှိခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းမည်နေ့ကို နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၇ ရက်နေ့ထိ တင်သွင်းရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံ လုံး လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိခဲ့ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တစ်နေရာ လစ်လပ်သဖြင့် NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် ဝင်ရောက်ယှဉ်ခဲ့ရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.