ဘားအံ၊ အောက်တိုဘာ ၂၀

ဘားအံမြို့ရှိ အာဇာနည်ကျောက်တိုင်မြို့မ ဘောလုံးကွင်း ပြန်လည်ရရှိစေရေး ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ(၁၉)ရက်နေ့ ညနေပိုင်းက ဘားအံမြို့ သရက်တောကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါဆွေးနွေးပွဲသို့ သရက်တောကျောင်းတိုက်ဆရာတော် ဦးကေသရိန္ဒပါ (၂) ပါး၊ သမိုင်းဝင် အာဇာနည်ကျောက်တိုင်မြို့မဘောလုံးကွင်းပြန်လည်ရှိရေးကော်မတီဥက္ကဋ္ဌဆရာဦးမြင့်ဆွေပါ(၁၀)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ပြီး ဆရာတော်ဦးကေသရိန္ဒမှ ကရင်ပြည်နယ်သံဃနာယက ဥက္ကဌမြိုင်သဇင်ကျောင်း တိုက်ဆရာတော်နှင့် ဇွဲကပင်တောင်ဆရာတော်တို့မှ အာဇာနည်ကျောက်တိုင်ဘောလုံးကွင်းပြန်လည်ရရှိရေး အတွက် စီစဉ်ဆောင်ရွက်နိုင်ရေး အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း မိန့်ကြားသည်။

ဘားအံမြို့ရှိ အာဇာနည်ကျောက်တိုက်ဘောလုံးကွင်းသည် လက်ရှိအစိုးရသစ်လက်ထက်တွင် ပြန်လည်ရရှိပြီဟု သိရပြီးဖြစ်သော်လည်း အမှန်တကယ်ပြန်လည်ရရှိထားခြင်း ရှိမရှိမူ မသေချာသေးကြောင်း ဆရာတော်က ဆက်မိန့်သည်။

အဆိုပါ ဘောလုံးကွင်းကို ယခင်အစိုးရလက်ထက်က မြဌေးကြွယ်လင်းကုမ္ပဏီမှ ဟိုတယ်ဆောက်လုပ် ရန် ရရှိခဲ့ပြီး ဆောက်လုပ်ရန် စတင်စဉ်ကပင် ထိုစဉ်ကလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်နန်းစေ အွာနှင့် ဦးအောင်ကျော်နိုင်တို့က မဆောက်လုပ်ရန် သွားရောက်ဆွေးနွေးပြီး ဆရာတော်နှင့် ပြည်သူများက လည်း ယခင်ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းထံ မေတ္တာရပ်ခံစာတင်ပြထားခဲ့သည်။

ဘောလုံးကွင်း ပြန်လည်ရရှိရေးကော်မတီဥက္ကဌ ဦးမြင့်ဆွေက “မြဌေးကြွယ်လင်းကုမ္ပဏီမှာ အမည်ခံ သာဖြစ်တယ်။ အဆင့်ဆင့်ရောင်းချပြီး ဦးမိုးကျော်က ကိုယ်တိုင်လုပ်ဆောင်နေတာလည်းဖြစ်တယ်။ သူတို့နစ်နာ မှာစိုးလို့မလုပ်ခင်က တရားဝင်အကြောင်းကြားစာတင်ခဲ့တာပါ။ အခုမှနစ်နာပါတယ်လို့ မပြောနဲ့။ ဒို့ပြည်သူတွေ ပိုင်တဲ့မြေကိုတစ်လက်မမှမပေးနိုင်ဘူး။ အစိုးရသစ်ကလည်းပွင့်လင်းမြင်သာမှုမရှိဘူး။ အဲဒါကြောင့် ဒီဘောလုံး ကွင်းကြီးကို ပြည်သူ့လက်ဝယ်အမြန်ဆုံးရရှိအောင်လုပ်ရမယ်”ဟုပြောသည်။

ဘောလုံးကွင်းပြည်သူ့လက်ဝယ်ပြန်လည်ရရှိရေးကော်မတီဝင်မြို့မိမြို့ဖတစ်ဦးဖြစ်သူက ” လက်ရှိ အစိုးရဟာ ခရိုနီဦးမိုးကျော်ကို မျက်ရည်သုတ်ပေးဖို့ပြင်နေသလား။ ပြည်သူကို ဗဟိုပြုမှာလားဆိုတာ အမြန်ဆုံး ဖေါ်ထုတ်ရမယ်”ဟု ပြောသည်။

သတင်း ကိုကိုထက်
ဓါတ်ပုံ ဘုန်းထက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.