ရေး ၊ စက်တင်ဘာ ၂၆

ရေးမြို့၊ မြို့နယ်နာရေးကူညီမှုအသင်းအနေဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း အသင်း၏လုပ်ငန်းခွဲများ ဖြစ်သော နာရေးကူညီမှုလုပ်ငန်း၊ အောက်ဆီဂျင်လုပ်ငန်းနှင့် ကုသိုလ်ဖြစ်ဆေးခန်းလုပ်ငန်းတို့မှ ငွေကျပ်သိန်း ပေါင်း ၆၀၀ နီးပါး ကူညီပံ့ပိုးပေးနိုင်ခဲ့ကြောင်း ရေးမြို့နယ်နာရေးကူညီမှုအသင်းမှ သိရသည်။

လုပ်ငန်းသုံးရပ်အတွက် ငွေကျပ်သိန်းပေါင်း ၅၇၅ သိန်း ကူညီပေးနိုင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ စေတနာ ရှင်၊ အလှူရှင်၊ လုပ်အားဒါနရှင်များ၏ ပရဟိတကောင်းမှုများကြောင့်ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်မြင့်က သံလွင်တိုင်းမ်သို့ ပြောသည်။

“ မြို့မိမြို့ဖတွေ၊ ရပ်ဝေး၊ ရပ်နီးပြည်တွင်းပြည်ပကစေတနာရှင်အလှူရှင်တွေ၊ လုပ်အားဒါနကုသိုလ်ရှင် တွေရဲ့ ပရဟိတကောင်းမှုတွေကြောင့် အစစအရာရာအဆင်ပြေတိုးတက်အောင်ဆောင်ရွက်နိုင်တာပါ၊ ကျေးဇူး တင်ဂုဏ်ပြုအပ်ပါတယ် ” ဟု ၎င်းက သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နာရေးကူညီမှုအသင်းအနေဖြင့် ၂၀၁၅-၁၆ ခုနှစ်အတွင်း နာရေးလုပ်ငန်းအနေဖြင့် နိဗ္ဗာန်ယာဉ် (၂)စီးဖြင့် ရုပ်ကလာပ်ပေါင်း (၃၅၄)ခုကို မြေမြှုပ်/ဂူလုပ်/မီးရှို့သင်္ဂြိုလ်ပေးနိုင်ခဲ့ခြင်း၊ အောက်ဆီဂျင်လိုအပ်သော လူနာပေါင်း ၄၇၃၃ ဦးအတွက် ပေးဝေလှူဒါန်းနိုင်ခဲ့ခြင်းနှင့် ကုသိုလ်ဖြစ်ဆေးခန်းဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ်မှ ယနေ့အထိ လူနာပေါင်း ၁၄၇၀၅ ဦးအား အခမဲ့ကုသိုလ်ဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု အသင်း၏နှစ်ပတ်လည်ထုတ်ပြန်ချက်အစီရင်ခံစာအရ သိရသည်။

“ အခက်အခဲကတော့ ကုသိုလ်ဖြစ်ဆေးခန်းမှာ ဆရာဝန်လိုအပ်ချက်ရှိနေပါတယ်၊ အရင်က တစ်ပတ် လုံး တိုင်းရင်းဆေးအပါအဝင် နေ့စဉ်အခမဲ့ကုသပေးနိုင်ပေမယ့်
ခုဆရာဝန်လိုအပ်ချက်အရ လက်ရှိမှာ တစ်ပတ် မှာ တိုင်းရင်းဆေးအပါအဝင် ၃ ရက်ပဲ ဖွင့်လှစ်နိုင်ပါတော့တယ် ” ဟု အသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သံလွင် တိုင်းမ်သို့ပြောသည်။

အခက်အခဲဖြစ်နေသည့် ပြည်သူများ၏ လူမှုဒုက္ခများအား မျှဝေတာဝန်ယူကာ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းဖြစ်သည့်အတွက် ကောင်းမွန်မြင့်မြတ်လှသည့် လုပ်ငန်းများဖြစ်ကြောင်း၊ မြို့အတွင်းရှိ ပြည်သူများ အနေဖြင့် ငွေကြေး၊ ပစ္စည်း၊ လုပ်အား ဝိုင်းဝန်းဒါနပြုနေကြသည်မှာလည်း ကြည်နူးဖွယ်ရာကောင်းကြောင်း၊ နာရေးကူညီမှုအသင်း ထာဝရအဓွန့်ရှည်စေရေးအတွက်ဆန္ဒပြုပါကြောင်း ရန်ကြီးအောင်ရပ်ကွက်နေ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူက သံလွင်တိုင်းမ်သို့ ပြောသည်။
logo
ရေးမြို့နယ်နာရေးကူညီမှုအသင်းအနေဖြင့် ၂၀၀၁ ခုနှစ် မီးသင်္ဂြိုလ်ရုံကြီးကြပ်ရေးကော်မတီကတဆင့် သန္ဓေတည်လာခဲ့သော အသင်းတစ်သင်းဖြစ်ပြီး နာရေးကိစ္စအ၀၀ကို အပြည့်အဝဆောင်ရွက်နိုင်ရန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ စတင်တည်ထောင်ခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာ တွင် မြို့ပေါ်(၉)ရပ်ကွက်မှ အမျိုးသားလူငယ်(၁၀)ဖွဲ့၊ အမျိုးသမီးလူငယ်(၁၀)ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ထားပြီး သုဿန်အရောက် လိုက်ပါပို့ဆောင်သင်္ဂြိုလ်ပေးခြင်းများအပြင် မကျန်းမာသူဝေဒနာရှင်များ၏ လိုအပ်ချက်အရ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း အောက်ဆီဂျင်အခမဲ့ဖြန့်ဖြူးပေးခြင်းနှင့် ဆေးကုသခံယူရန် ငွေကြေး မပြည့်စုံသည့် အခက်အခဲရှိနေသောသူများအတွက်ကုသိုလ်ဖြစ်ဆေးခန်းတို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးနေသော အသင်းတစ်ခုဖြစ်သည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.