ရေး ၊ စက်တင်ဘာ ၂၆

ရေးမြို့နယ်၏မြောက်ဘက် ၃ မိုင်ခန့်အကွာတွင်တည်ရှိသည့် ကသိုင်အင်းအတွင်း ယခုအခါ ဆောင်းခို ငှက်များ စတင်ဝင်ရောက်နေပြီး နှစ်စဉ် ဆောင်းခိုငှက်ကောင်ရေ ၄၀၀၀ ကျော်ခန့် လာရောက်နားခိုလျက်ရှိ သည်ဟု ယင်းအင်းအနီးတွင်ရှိသည့် အပ္ပမာဒတောရကျောင်း(ကသိုင်ကျောင်း)မှ ဆရာတော် ဦးပညာသာမိက သံလွင်တိုင်းမ်သို့ မိန့်သည်။

“ ခု ငှက်ကောင်ရေ ၄၀ ကျော်လောက်စလာနေပြီ၊ ဆောင်းဦးပေါက်ဆို ကောင်ရေ ၁၀၀၀ ကနေ ဇန်န ဝါရီလောက်ဆို ၄၀၀၀ ကျော်အထိလာကြတယ်၊ အင်းတစ်ခုလုံးငှက်တွေပြည့်နေတာပေါ့၊ သဘာဝအတိုင်း တည်ရှိနေတဲ့အင်းမို့လို့လဲ လုံခြုံအေးချမ်းလို့ လာကြတာနေမှာပါ ” ဟု မိန့်သည်။

ယင်းဆောင်းခိုငှက်များတွင် ရေဘဲအပါအဝင် ဘဲပုံစံနှင့်အလားသဏ္ဍာန်တူသည့် အဖြူ၊ အနက်ရောင် များရှိသည့် ငှက်များ အများဆုံးလာရောက်လေ့ရှိပြီး သဘာဝအတိုင်း ယင်းအင်းကြီးကို ထိန်းသိမ်းထားရှိလို ကြောင်း ဦးပညာသာမိက ဆက်လက်မိန့်ကြားသည်။
ye
“ ဘယ်လိုငှက်အမျိုးအစားတွေဆိုတာကတော့ ပြောဖို့တော့အခက်သား၊ သဘာဝအတိုင်းငှက်သံတွေနဲ့ အင်းကြီးတစ်ခုလုံးက ဆောင်းဆိုရင် ဆူညံနေတာပဲပေါ့၊ ဒီလိုသဘာဝအင်းကြီးတစ်ခုကို ကျေးငှက်တွေနဲ့ အခြား ရေနေသတ္တဝါတွေအတွက် သဘာဝဘေးမဲ့တောလေးအဖြစ်တော့ရှိစေချင်တယ်၊ ဧည့်သည်တွေ အပန်းဖြေ နား ခိုစရာလေးတစ်ခုဖြစ်စေချင်တယ်၊ တာဝန်ရှိသူတွေအနေနဲ့လဲ အခြားအဖွဲ့အစည်းတွေက ဒီမြေနေရာကို လျှောက်မယ်ဆိုရင် ချင့်ချိန်စဉ်းစားစေချင်ပါတယ် ” ဟု ယင်းအင်းအတွင်း သဘာဝဆောင်းခိုငှက်များကို လေ့လာနေသူ သီရိမာလာရပ်ကွက်နေ ဦးဘဦးက ပြောသည်။

သဘာဝအလျောက်ဖြစ်တည်နေသည့် အဆိုပါအင်းကြီးအတွင်း ငှက်များအပြင် ငါးခူ၊ ငါးကျီး၊ ငါးရံ့ စသည့်ငါးများလည်း ကျက်စားလေ့ရှိကြပြီး ဒေသခံများအနေဖြင့် ငှက်များအား လာရောက်လေ့လာလျက်ရှိနေ သလို တစ်ခါတရံ လူအချို့က ငါးများနှင့် ငှက်များအား ပစ်ခတ်ဖမ်းဆီးမှုများရှိနေသည်ဟုလည်း သိရှိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.