မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းဘာသာ(၄)မျိုးကို သင်ကြားပေးလျက်ရှိပြီး မွန်ဘာသာ၊ စကော ကရင်၊ အရှေ့ပိုး ကရင်နှင့် ပအိုဝ့် ဘာသာတို့ကို သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

မွန်တိုင်းရင်းသားဘာသာကို ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လည်းကောင်း၊ စကောတိုင်းရင်းသားဘာသာကို ကျိုက် ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ် နှင့် ရေးမြို့နယ်တို့တွင်လည်းကောင်း၊ အရှေ့ပိုးကရင် တိုင်းရင်းသားဘာသာကို ဘီလင်းမြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်မရောနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် လည်းကောင်း၊ ပအိုဝ့်တိုင်းရင်းသားဘာသာကို ကျိုက်ထိုမြို့နယ်၊ ဘီလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင်လည်းကောင်း အသီးသီးသီးသင်ကြားပေးလျက်ရှိသည်။

“တိုင်းရင်းသားလူမျိုးတွေဆိုတာ သူတို့အသက်က စာပေပါပဲ စာပေတတ်မှ ကိုယ့်လူမျိုးကလည်း မပျောက်မပျက်ဘဲတည်ရှိနေမှာပါ။ ဒီလိုအခွင့်အရေးတွေပေးတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေရဲ့ ယဉ်ကျေးမှုစာပေ အမွေအနှစ်တွေကိုထိန်းသိမ်းတဲ့အနေနဲ့ သင်ကြားသင့်ပါတယ်”ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ပြည်နယ် ပညာရေးမှူး ဦးမျိုးတင်အောင်က သံလွင်တိုင်းမ်သို့ပြောသည်။

စာသင်ချိန် ညနေသုံးနာရီနောက်ပိုင်းမှသာ တိုင်းရင်းသားဘာသာသင်ကြားလိုသော ကျောင်းသားများ ကိုတစ်နာရီ (သို့မဟုတ်) တစ်နာရီခွဲခန့် အချိန်ယူကာသင်ကြားပေးလျက်ရှိပြီးသင်ကြားပေးနေသော ဘာသာ များတွင် မွန်ဘာသာသင်ကြားသူအများဆုံးဖြစ်ကြောင်းသိရသည်။

“ကျွန်မတို့က အခုလက်ရှိ (၄)ဘာသာသင်ကြားနေတယ် မွန်ဘာသာကို သင်ကြားတဲ့ ကျောင်းသားဦး ရေက(၇)မြို့နယ်ပေါင်း (၂၁၈၄၁) ဦးရှိပါတယ်။ကျောင်းပေါင်း(၁၆၀) မှာ ဆရာ၊ဆရာမ ဦးရေ(၅၂၄)ယောက် နဲ့သင်ကြားပေးနေပါတယ်”ဟု တိုင်းရင်းဘာသာသင်ကြားသူစာရင်း ပြုစုနေသည့် လက်ထောက်ကွန်ပျူတာ စာရေး ဒေါ်ခင်စောဝင်းကပြောသည်။

မွန်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံး တိုင်းနှင့်ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် တိုင်း ရင်းဘာသာသင်ကြားပေးလျက်ရှိပြီး သင်ကြားစေလိုသည့်ကျောင်းများလည်း သက်ဆိုင်ရာသို့ တင်ပြ လျှောက် ထားနိုင်ကြောင်းသိရသည်။

“အခုလိုသင်ကြားပေးတဲ့အတွက် မွန်လူမျိုးတစ်ယောက်အနေနဲ့ အတိုင်းမသိဝမ်းသာပါတယ်။ ကိုယ့် စာပေနဲ့ကိုယ့်ယဉ်ကျေးမှုကိုထိန်းသိမ်းချင်တယ်ဆိုရင်တော့ တက်သင့်ပါတယ်”ဟု မုဒုံမြို့မှာနေထိုင်သည့် မွန် လူမျိုးတစ်ဦးဖြစ်သူ ကိုသော်ဇင်ချမ်းက ပြောသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံပညာကျောင်းများတွင် ဆရာ၊ဆရာမဦးရေ (၄)သိန်းကျော် ခန့်အပ်ထားပြီး ထပ်မံခေါ်ယူခန့်အပ်သွားရန်လည်းရှိကြောင်း သိရသည်။

သတင်း – TU Arkar Min
မော်လမြိုင်၊ စက်တင်ဘာ ၂၈

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.