မုဒုံ၊ စက်တင်ဘာ ၂၄

မုဒုံမြို့ ကန်ကြီးစေတီတော်မြတ်ရှိရာ ကန်ကြီးကန်တွင်း၌ ပြုလုပ်မည့် ၁၄၂ ကြိမ်မြောက် လှေလှော်ပြိုင် ပွဲအတွက် ပြိုင်ပွဲဝင်များစတင်လေ့ကျင့်ရန် လှေရေချပွဲကို စက်တင်ဘာလ (၂၄)ရက်နေ့က ကန်ကြီးကန်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ <!--more-->

mudo-lake

“မနှစ်က ပြိုင်လှေကိုအစောကြီးချပေးခဲ့တယ်။ ရက်ရှည်တော့လှေအပျက်အစီးဖြစ်ခဲ့တယ်။ ဒါကြောင့် လည်း ဒီနှစ်မှာနောက်ကျပြီးတော့ ရေချရခြင်းဖြစ်တယ်။ ရက်(၂၀)လောက်လေ့ကျင့်လို့ရတယ်”ဟု ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌက သံလွင်တိုင်းမ်ကိုပြောသည်။

ရေချသော လှေများအနေဖြင့် နေ့စဉ် နံနက်ငါးနာရီမှ ညနေအထိ လေ့ကျင့်လှော်ခေတ်နေကြောင်း လည်း သိရသည်။

” ဒီနှစ်က ခါတိုင်းနှစ်ထက် လှေရေချချိန်နောက်ကျတော့၊ ကျွန်တော်တို့ဘက်က လေ့ကျင့်ရက်နည်း သွားတယ်ပေါ့။ လေ့ကျင့်ရက်နည်းတော့ လက်ရေကျတယ်။ ဘာလို့လဲဆိုရင် ဒီကန်ကြီးကန်မှာ တော်တန်ရုံလေ့ကျင့်မှုလောက်နဲ့မရဘူး။ ဒါကြောင့်လည်း လေ့ကျင့်မှုတစ်အားလိုတယ်” ဟု စေတနာအလင်းရောင်လှေလှော်အသင်းမှ ကိုအောင်ထူးကပြောသည်။

(၁၄၁)ကြိမ်မြောက်မှ စတင်ကာ ယခင်ကကဲ့သို့ လှေပြိုင်အသင်းများအား တစ်တန်းတည်းမထားရှိတော့ဘဲ အကြီးတန်းနှင့်အငယ်တန်းအသင်းနှစ်မျိုးခွဲကာယှဉ်ပြိုင်စေခဲ့ပြီး ယခုနှစ်(၁၄၂)ကြိမ်မြောက်တွင်လည်း ယခင်နှစ်အတိုင်းပင် အတန်းခွဲကာ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ပြိုင်ပွဲကျင်းပရေးကော်မတီမှ စီစဉ်လျှက်ရှိကြောင်းလည်း ဒိုင်ချုပ်အဖွဲ့ဝင်ဦးထိန်ဝင်းကဆိုသည်။

ယခုနှစ်ပြိုင်ပွဲကို လှေအသင်းပေါင်း(၁၆)သင်းမှ ယှဉ်ပြိုင်နိုင်ကြောင်း ကျင်းပရေးကော်မတီမှ ခန့်မှန်း ထားပြီး လှေလှော်အသင်းများ၏ ပွဲစဉ်ရေးဆွဲခြင်းအစီအစဉ်ကို အောက်တိုဘာလ(၁၃)ရက်နေ့ မွန်းလွဲ(၁း၀၀) နာရီအချိန်တွင် ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး မဟာမြတ်မုနိဓမ္မာရုံ၌ မဲနှိုက်ပွဲပြုလုပ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်းသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.