မုဒုံ စက်တင်ဘာ ၂၇

မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ဆံတော်ရှင်ကျိုက်ဇယ်စေတီတော်မြတ်ကြီးရင်ပြင်တော်၌ သံမောင်းတစ်ခု ကိုလာရောက်လှူဒါန်းထားရှိခဲ့ကြောင်းစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ မွန်လူမျိုးတို့ရဲ့ဓလေ့ထုံးတမ်းစဉ်လာအရ ဘုရားဖူးရင်မောင်းထုတယ်။ ကြေးစည်တီး တယ်။ ခေါင်းလောင်းထိုးကြတယ်။ အမျှကုသိုလ်ဝေကြတယ်။ ဒီအစဉ်အလာတွေမပျောက်ပျက်ဖို့နဲ့နောက်ပြီးစေတီတော်မှာလိုအပ်နေတဲ့ကွက်လပ်ဖြည့်ဆည်းကုသိုလ်ယူဖို့ကိုရည်ရွယ်ပြီးအဓိကထားကာဒီမောင်းကိုပြုလုပ်လှူဒါန်းခြင်းဖြစ်တယ်”ဟု မောင်းလက်မှုအတတ်ပညာရှင် ဦးသန့်ဇင်မှသံလွင်တိုင်းမ်ကို ပြောသည်။

ကမာဝက်မြို့၊ဆံတော်ရှင်ကျိုက်ဇယ်စေတီတော်တွင် ထားရှိသည့် မောင်းကြီးမှာ မွန်ပြည်နယ်တွင်အကြီးဆုံးဖြစ်ပြီး သံပိသာချိန်ပေါင်(၉၅၃)ပိသာအသုံးပြုကာတန်ဖိုးငွေကျပ်သိန်းပေါင်း(၁၂၀)ကုန်ကျမှုဖြင့် ထုလုပ်ခြင်းဖြစ်ပြီး ကမာဝက်မြို့နေ မွန်လူမျိုးမောင်းအတတ်ပညာရှင်အဖွဲ့မှ ယင်းမြို့တွင်ပင်ထုလုပ်သွန်းလောင်းခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ဇယ်မောင်းကြီးအဖြစ်နာမည်တွင်လျှက်ရှိသည့် မောင်းမှာ သံမောင်းအမျိုးအစားဖြစ်ပြီး အမြင့် (၁၁)ပေ၊ ၃လက်မနှင့် မောင်း၏ပင်မအဝန်း(၃၂)ပေရှိပြီး ယင်းအဖွဲ့၏ကြိုးပမ်းလုပ်ဆောင်မှုဒုတိယမြောက်လက်ရာတစ်ခုလည်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်အဖေကအရင်က လှည်းလုပ်ငန်းနှဲ့အသက်မွေးဝမ်းကြောင်းပြုတယ်။ ကျွန်တော်ကလည်း သံနှင့်ကြေးပိုင်မှာ ကျွမ်းကျင်ပိုင်နိုင်မှုလည်းရှိတယ်။ ရန်ကုန်သွားတော့ ရွှေတိဂုံမှာချိတ်ဆွဲထားတဲ့မောင်းကို ကြည့်ပြီး ဒို့လုပ်ရင်မခက်လောက်ဘူး အတွေးနဲ့စုပေါင်းပြီး လူအားရော၊ငွေအားပါအကုန်ကျခံကာပြုလုပ်ခဲ့တယ်”ဟု မောင်းအတတ်ပညာရှင်မှဆက်လက်ပြောကြားခဲ့သည်။
kamarwat
အဆိုပါ မောင်းအား (၁)လခွဲခန့်အချိန်ပေးပြုလုပ်ခြင်းဖြစ်ပြီး ပထမဦးဆုံးပြုလုပ်သည့် သံမောင်းမှာ ကမာဝက်မြို့၊ အရှေ့ဘက် တောင်ညို၊တောင်တန်းပေါ်တွင် တည်ထားကိုးကွယ်လျှက်ရှိသည့် ကျိုက်တမော့စေတီဘုရားတွင်ချိတ်ဆွဲကာလှူဒါန်းထားပြီး အမြင့်(၈)ပေရှိကာ သိန်း(၇၀)ကျော်ကုန်ကျကြောင်းလည်းသိ ရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.