အိချယ်ရီအောင်/ Myanmar Now

မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ အမြင်တွေကို ပြောင်းလဲသင့်ပြီလို့ မေ့စွမ်းရည်အဖွဲ့က ပြောလိုက်ပါတယ်

ရန်ကုန် (Myanmar Now) – နိုင်ငံရေးမှာ အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ဖို့ သင်တန်းပေးနေသူများထဲမှာ ရန်ကုန်အခြေစိုက် မေ့စွမ်းရည်အဖွဲ့လည်း ပါဝင်

ပါတယ်။ ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်ပိုင်းနေရာမှာ အမျိုးသမီးတွေ နေရာရမှု နည်းနေတယ်လို့ ဒီအဖွဲ့ရဲ့ စီမံရေးရာ မန်နေဂျာ ဒေါ်နော်အေးအေးလှိုင်က ပြောပါတယ်။ Myanmar Now သတင်းထောက် အိချယ်ရီအောင်နဲ့ မကြာသေးခင်က တွေ့ဆုံရာမှာ ဒေါ်နော်အေးအေးလှိုင်က အမျိုးသမီးများနဲ့ ပတ်သက်တဲ့ စိုးရိမ်ရမှု၊ ဥပဒေ၊ မျှော်လင့်ချက်တွေအကြောင်း ပြောပြထားပါတယ်။

မေး – မေ့စွမ်းရည် အဖွဲ့က ဘာတွေများ လုပ်ဆောင်နေပါသလဲ။

ဖြေ – မေ့စွမ်းရည်အဖွဲ့က ၂ဝ၁၁ ခုနှစ်ကစပြီး အမျိုးသမီးတွေက နိုင်ငံရေးမှာ ပိုမိုပါဝင်လာဖို့အတွက် သင်တန်းတွေ ပေးနေပါတယ်။ နောက်ပြီး အမျိုးသမီးတွေအနေနဲ့အထက် ပိုင်း နိုင်ငံတော်အဆင့်သာမက ရပ်ကွက်နှင့် ကျေးရွာအုပ်ချူပ်ရေးအဆင့်တွေမှာလည်း ပါလာအောင် သင်တန်းတွေပေးပါတယ်။ မေ့စွမ်းရည် နာမည်နဲ့ဂျာနယ်လည်း ထုတ်တယ်။ အမျိုးသမီးအရေး လုပ်ဆောင်ဖို့အခြားအဖွဲ့တွေက ကမ်းလှမ်းလာရင်လည်း ပူးပေါင်း လုပ်ဆောင်ပါတယ်။ ၂ဝ၂ဝ နိုင်ငံရေးမှာ ဝင်လာမယ့် အမျိုးသမီးငယ်လေးတွေကိုလည်း စွမ်းဆောင်မှုတည်ဆောက်ခြင်း သင်တန်းတွေ ဆက်ပေးဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာက အမျိုးသမီးတွေက ကိုယ်စားပြုမှုနေရာမှာရော၊ ခေါင်းဆောင်ပိုင်းနေရာမှာရော၊ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာရော နည်းနေတယ် အဲ့ဒါကို မြှင့်တင်ဖို့အတွက် ကျွန်မတို့အဖွဲ့က လုပ်ဆောင်နေတာပါ။

မေး – ခေါင်းဆောင်ပိုင်းတွေကိုရော သင်တန်း ပေးပါသလား။

အိချယ်ရီအောင်/ Myanmar Now
အိချယ်ရီအောင်/ Myanmar Now
ဖြေ – ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကျွန်မတို့သင်တန်းကို လာတက်ခဲ့တဲ့ အမျိုးသမီး ၁၄ ဦးထဲမှာ ၂ ဦးက အခုဆိုရင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေပါပြီ။ မန်တုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လွှေးနန်းမိုး၊ နောက်တစ်ယောက်က စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်ပါ။ ကျွန်မတို့ သင်တန်းပေးခဲ့တဲ့သူထဲမှာပဲ ရပ်ကျေးအဆင့်မှာ ဆယ်အိမ်မှူး ဖြစ်သွားတဲ့သူတွေလည်း အများကြီး ရှိပါတယ်။

မေး – အမျိုးသမီးတွေရဲ့အသံကို လွှတ်တော်ထဲကို ရောက်သွားအောင် ပို့နိုင်ပြီလား။

ဖြေ – အပြင်က အမျိုးသမီးတွေရဲ့အသံက လွှတ်တော်ထဲကို မရောက်သေးဘူးလို့ ထင်ပါတယ်။ တချို့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့မဲဆန္ဒနယ်မှာ အမျိုးသမီးတွေဆီ သွားပြီး စကားပြောတာတွေတော့ ရှိပါတယ်။ အမျိုးသမီးအရေးတွေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ တင်သွင်းတာတော့ မကြားမိသေးပါဘူး။ အခုက လွှတ်တော်က အပြောင်းအလဲကာလမို့လို့လား၊ လွှတ်တော် အစောပိုင်း ကာလမို့လို့လား ဆိုတာကတော့ လောလောဆယ်တော့ စောင့်ကြည့်ရမယ့် အနေအထားပါပဲ။

မေး – အမျိုးသမီးအသံတွေ ဒီထက်ပိုပြီးကိုယ်စားပြုဖို့ ဘာတွေပြုလုပ်သင့်ပါသလဲ။

ဖြေ – လွှတ်တော်ထဲမှာသာမက အောက်ခြေမှာရှိတဲ့ ရပ်ကျေးတွေ အုပ်ချူပ်ရေးမှူးအဆင့်တွေမှာပါ အမျိုးသမီးတွေ ပိုမို ပါဝင်လာမှ အမျိုးသမီးတွေရဲ့အသံကို အများကြီး ကိုယ်စားပြုမှာပါ။ အခုချိန်မှာတော့ အမျိုးသားတွေပဲ များတဲ့အခါကျတော့ ဒါတွေက သိပ်ပြီး ကိုယ်စားမပြုနိုင်သေးပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း အမျိုးသမီးတွေနည်းတဲ့အခါကျတော့ သူတို့ရဲ့ကိုယ်စားပြုမှုကလည်း နည်းပါတယ်။ နောက်ပြီး ပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ များများ ရွေးနိုင်ဖို့အတွက် ပါတီတွင်းမှာ ကျား၊ မ ရေးရာ မူဝါဒတွေ ရှိလာမယ် ဆိုရင် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ်တွေ ပိုမိုများလာနိုင်ပါတယ်။

မေး – မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ လုံခြုံရေးအနေအထားက ဘယ်လို ရှိပါသလဲ။

ဖြေ – စိုးရိမ်စရာလို့ ပြောလို့ရပါတယ်။ သမီးရည်းစားကြားမှာ ဓားထိုးမှုတွေ မကြာခဏဖြစ်နေတာကို မီဒီယာမှာရော လူမှုကွန်ရက် စာမျက်နှာပေါ်မှာလည်း မကြာခဏ တွေ့ရပါတယ်။ ဒီလိုအမှုမျိုး ကျူးလွန်တဲ့ သူတွေကို တင်းတင်းကြပ်ကြပ် ပြစ်ဒဏ်ချမယ် ဆိုရင် သူတို့ လုပ်ရဲမှာမဟုတ်ပါဘူး။ အရွယ်မရွေး မုဒိမ်းကျင့်ခံရမှုတွေကလည်း မကြာခဏ ဖြစ်နေတာ ဆိုတော့ ဒါကလည်း စိုးရိမ်ရတဲ့ အနေအထားပါပဲ။ မုဒိမ်းမှုတစ်ခုဖြစ်ရင် ဟိုပေါ်ဒီပေါ်အဝတ်အစားတွေနဲ့အနေအထိုင်မတတ်လို့ ခံရတာဆိုပြီး လူတွေက ပြောကြတယ်၊ အဲ့ဒီလိုမဝတ်တဲ့ အမျိုးသမီးတွေနဲ့ကလေးငယ်တွေလည်း မုဒိမ်းကျင့်ခံရမှှုတွေက ဖြစ်နေကြတာပါပဲ။ ကျူးလွန်တဲ့သူကိုကျ အပြစ်မမြင်ဘဲ ကျူးလွန်ခံရတဲ့သူကိုပဲ အပြစ်မြင်နေကြတယ်၊ အဲဒါကြောင့် လူတွေရဲ့အမြင်ကိုလည်း ပြောင်းလဲပေးဖို့ လိုအပ်တယ်။ များသောအားဖြင့်က ယောကျ်ားလေး အရက်သောက်၊ ဆေးလိပ်သောက်ရင် ယောကျ်ားလေးပဲဆိုပြီး ဘာမှမပြောကြဘူး။ မိန်းကလေး အရက်သောက်၊ ဆေးလိပ်သောက်ရင် မိန်းမတွေနဲ့မသင့်တော်ဘူးဆိုပြီး ပြောကြတယ်။ အမျိုးသမီးတွေ အပေါ်မှာဆို အရမ်းကို တင်းကြပ်လွန်းတယ်၊ ကိစ္စတစ်ခုဖြစ်ရင် အမျိုးသမီးတွေပဲ တာဝန်ရှိတယ်ဆိုပြီး အဲဒီလို တရားသေ မှတ်ယူထားကြတာ များတယ်။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေကလည်း တစ်ခုခုဆို အမျိုးသမီးကိုပဲ အပြစ်တင်ထားတယ်။ ဒါတွေက မျိုးဆက်တစ်ဆင့်ပြီး တစ်ဆင့် လက်လွှဲသွားတဲ့ အနေအထားမျိုးတောင် ဖြစ်နေတဲ့သဘောပါ။ ကျွန်မတို့ ငယ်ငယ်တုန်းကလည်း အဲဒီလိုမျိုးတွေပဲကြည့်ခဲ့ရ၊ ဖတ်ခဲ့ရတာပါ။ အဲဒါတွေက လူတွေရဲ့အတွေးတွေ အမြင်တွေကို ဖုံးလွှမ်းသွားတယ်လို့ မြင်ပါတယ်။ သူများကို အပြစ်တင်မယ့်အစား သူရပ်တည်လို့ရအောင် ဘယ်လို ဝိုင်းဝန်းကူညီမလဲ ဆိုတာကို စဉ်းစားပေးသင့်ပါတယ်။

မေး – အမျိုးသမီးနဲ့ပတ်သက်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေမှာ ဘယ်လိုအချက်တွေ ပါသင့်ပါသလဲ။

ဖြေ – အမျိုးသမီးများကို စကားဖြင့်ကျူးလွန်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ အသက် သေစေနိုင်သည့်အထိ ကျူးလွန်ခြင်း စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကို တိတိကျကျ၊ သတ်သတ် မှတ်မှတ် ပြဋ္ဌာန်းသင့်ပါတယ်။ အမျိုးသမီးတစ်ဦးကို အခြားသူပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်ထောင်ဘက်ကပဲ ဖြစ်ဖြစ် အကြမ်းဖက်လို့ အမှုဖွင့်တဲ့အခါ တရားရုံးမှာ စစ်ဆေးနေတဲ့ အချိန် ကာလအတွင်းမှာ အဲ့ဒီမျိုးသမီးရဲ့ အသက်၊ လုံခြုံမှုနဲ့ ပတ်သက်ပြီး ကာကွယ်မှုတွေ လိုအပ်တယ်တယ်။

မေး – အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ထိန်းသိမ်း စောင့်ရှောက်ရေးကရော ဘယ်လိုအခြေအနေ ရှိလဲ။

မေး – အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သင်တန်းတွေတော့ အဖွဲ့အများစုက လုပ်ကြတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ထိန်းသိမ်း စောင့်ရှောက်ပေးတဲ့ နေရာတွေကတော့ အရမ်းနည်းပါတယ်။ အများကြီးရှိဖို့ လိုအပ်ပါတယ်။ စောင့်ရှောက်ရေးနေရာများသည် လုံခြုံစိတ်ချရသည့်နေရာဖြစ်ရန်၊ အလုပ်အကိုင် ဖန်တီးပေးရန်၊ စားဝတ်နေရာ ပြန်လည် ထူထောင်ပေးရန်၊ ဥပဒေပိုင်ဆိုင်းရာ သင်တန်းများပေးရန်၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ကုသပေးရန်တို့ လိုအပ်ပါတယ်။

မေး – အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ဘယ်လိုလူမျိုးတွေပဲ စစ်ဆေးသင့်ပါသလဲ။

ဖြေ – အမျိုးသမီးတွေကို အမှုစစ်ဆေးသူအများစုက အမျိုးသားတွေဖြစ်တယ်။ တချို့ကိစ္စတွေက နက်နက်နဲနဲ ပြောရတဲ့အခါမျိုးကျတော့ အဲ့ဒီလိုမျိုးမှာ အမျိုးသမီးအမှုစစ်တွေပဲ ထားပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲမေအင်အား မလုံလောက်မှု၊ လိုအပ်ချက်အရ အမျိုးသားရဲတွေ စစ်ဆေးမယ်ဆိုရင်လည်း အဲ့ဒီလိုစစ်ဆေးတဲ့ရဲက အမျိုးသမီးတွေရဲ့အမှုတွေ ကိုင်တွယ်ရင် ဘယ်လိုစစ်ဆေးရမလဲ ဆိုပြီး စနစ်တကျ သင်တန်း တက်ထားတဲ့ ရဲမျိုးပဲ ဖြစ်သင့်ပါတယ်။ အမျိုးသားတွေကို သင်တန်းပေးတဲ့နေရာမှာ အားနည်းပါတယ်။ အထူးသဖြင့် ရဲတွေ၊ စစ်သားတွေကို အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး နားလည်ဖို့အတွက် သင်တန်းတွေ ပေးသင့်ပါတယ်။

မေး – ဥပဒေတွေနဲ့ပတ်သက်ပြီး အများသိရှိအောင် ဘာတွေလုပ်ဖို့ လိုပါသလဲ။

ဖြေ – အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း ဥပဒေအကြောင်းအရာနဲ့ပတ်သက်ပြီး လေ့လာမှု အင်မတန် အားနည်းတာကို တွေ့ရပါတယ်။ လူအများစုက အမှုအခင်းဖြစ်ရင် ငွေကြေး အကုန်အကျ များခြင်း၊ တရားရုံးများကို ကြောက်ခြင်း၊ အချိန်ကုန်မှုကိုကြောက်ခြင်း၊ ဥပဒေ အကြောင်းအရာများကို နားမလည်ခြင်း စတဲ့ အခြေအနေတွေကြောင့် တရားရင်မဆိုင်တာ များတယ်။ အဲဒါကြောင့် တရားရုံးတွေကို ပြည်သူလူထု မကြောက်ဖို့ သင်တန်းတွေ ပေးသင့်သလို ဥပဒေနဲ့ပတ်သက်ပြီးတော့လည်း အမျိုးသားကိုရော အမျိုးသမီးတွေကိုရော အမြင်ဖွင့်သင်တန်းတွေ ပေးသင့်ပါတယ်။ ဒါမှသာ တစ်ခုခုဖြစ်ရင် ဥပဒေလမ်းကြောင်းက ဘယ်လိုဖြေရှင်းလို့ရလဲ ဆိုတာကို သိမှာပါ။

မေး – စစ်ဘေးရှောင် စခန်းမှာရှိတဲ့ အမျိုးသမီးတွေအတွက် ဘာတွေဆောင်ရွက်ပေးဖို့ လိုပါသလဲ။

ဖြေ – စစ်ဘေးရှောင်စခန်းမှာရှိတဲ့ အမျိုးသမီးအများစုက အမျိုးသားတွေက တိုက်ပွဲမှာ ကျဆုံးသွားတာ၊ တိုက်ပွဲကြောင့် မသန်မစွမ်း ဖြစ်သွားတာမျိုးတွေ ရှိတဲ့အခါကျတော့ အမျိုးသမီးတွေက အိမ်ထောင်ရဲ့ဦးစီးတွေ ဖြစ်လာတဲ့အခါကျတော့ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဒုက္ခသည်စခန်းမှာရှိတဲ့ လူအားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ကုသပေးဖို့ လိုပါတယ်။ သူတို့တွေနေထိုင်ဖို့ နေရာတွေ စီစဉ်ပေးတဲ့အခါမှာလည်း အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာမျိုးတွေ ဖန်တီးပေးဖို့လို ပါတယ်။ ဒုက္ခသည်စခန်းတွေသွားကြည့်ရင် အများအားဖြင့် အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချမှုမရှိတဲ့ အခြေအနေမျိုးတွေ တွေ့ရပါတယ်။ အမျိုးသမီးက အမျိုးသားထက်စာရင် ခန္ဓာကိုယ်ပိုင်းမှာ ရောဂါပိုးဝင်ဖို့ရာ ပိုများပါတယ်၊ ဒါကြောင့် ရေကောင်းရေသန့် ရရှိဖို့လည်း လိုအပ်ပါတယ်။ နောက်ပြီး အာဟာရ ပြည့်ပြည့်ဝဝ စားသောက်နိုင်အောင်လည်း ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဒုက္ခသည်စခန်းမှာ အမျိုးသမီးတွေ ကိုယ်ဝန် ရသွားတဲ့အခါ အာဟာရမပြည့်ဝတဲ့ ကလေးတွေကိုပဲ မွေးဖွားနိုင်ပါတယ်။ ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.