အီးအမ်ရဲ့ အာနိသင်နဲ့ အကျိုးကျေးဇူးတွေ၊ အီးအမ်ဖိုက် (EM-5) ပြုလုပ်နည်းနဲ့ အသုံးပြုနည်းတွေကို နောက်အပတ်မှာ ဆက်လက်တင်ပြသွားမယ်လို့ သံလွင်တိုင်းမ် အတွဲ (၅)၊ အမှတ် (၃၃) မှာ ပဋိညာဉ်ပြုခဲ့ပါတယ်။
အီအမ်ဖိုက် ပြုလုပ်နည်းတွေ၊ အီးအမ်အဆင့်အမျိုးမျိုးကို မဖော်ပြခင် အရင်အပတ်က ကတိပေးထားတဲ့အတိုင်း ဦးစွာ အီးအမ်ရဲ့ အကျိုးကျေးဇူး၊ အာနိသင်တွေကို ဖော်ပြသွားပါ့မယ်။
အကျိုးပြုအဏုဇီဝဖျော်ရည်လို့ ခေါ်တဲ့ (Effective Microorganisms – EM) ဆိုတာကတော့ သီးနှံပင် ကြီးထွားဖြစ်ထွန်းတာကို အားပေးတဲ့ အကျိုးပြုအဏုဇီဝ မျိုးစိတ်ပေါင်း (၈ဝ) ကျော်ကို အဆင့်မြင့်နည်းပညာနဲ့ စနစ်တကျ စုပေါင်းမွေးမြူထားတဲ့ အရည်တစ်မျိုး ဖြစ်ပါတယ်။
အဲအီအထဲမှာ သီးနှံပင်အတွက် လေထဲကနေ နိုက်ထရိုဂျင်ကို ဖမ်းယူပေးတဲ့ အဏုဇီဝတွေ၊ အစာနဲ့ ရေ စုပ်ယူတာကို အားပေးတဲ့ အဏုဇီဝတွေ၊ အပင်အစာချက်တာကို အားပေးတဲ့ အဏုဇီဝတွေ၊ မြေကြီးထဲက အပင်အရွက် အကြွင်းအကျန် (အော်ဂဲန်နစ်ပစ္စည်း) တွေကို မြန်မြန်ဆွေးမြေ့အောင် ချေဖျက်ပေးပြီးတော့ အပင်အတွက် အသုံးဝင်တဲ့ အာဟာရဓါတ်တွေကို ထုတ်ပေးတဲ့ အဏုဇီဝတွေ၊ မြေထဲမှာ ရှိတဲ့ ရောဂါပိုးတွေကို တန်ပြန်တိုက်ထုတ်ရှင်းလင်းပေးတဲ့ အဏုဇ႘ဝတွေ စတဲ့ အကျိုးပြုအဏုဇီဝ မျိုးစိတ်ပေါင်း အများအပြား ပါဝင်ပါတယ်။
အီးအမ်ကို မြေထဲမှာ ထည့်ပေးပြီး၊ သင့်တော်တဲ့ အစိုဓါတ်ရရှိအောင် လုပ်ပေးနိုင်ရင် ဒီဖျော်ရည်ထဲက အဏုဇီဝတွေဟာ မြေထဲမှာ ပွားလာပြီးတော့ သူတို့ရဲ့ လုပ်ငန်းတွေကို အပေါ်မှာ ပြောထားတဲ့အတိုင်း လုပ်ပေးတဲ့အတွက် သီးနှံတွေကို အထွက်တိုးစေပါတယ်။ အီးအမ်ဟာ သက်ရှိတွေ ဖြစ်ပြီး၊ မျိုးပွားနိုင်တဲ့အတွက် နည်းနည်းထည့်ရုံနဲ့ ရေရှည်အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။
အီးအမ်မှာ ပါတဲ့ အဏုဇီဝပိုး တစ်မျိုးချင်းစီမှာ မတူညီတဲ့ လုပ်ငန်းဆောင်တာတွေ စွမ်းဆောင်ကြပါတယ်။ သူတို့အချင်းချင်းလည်း တစ်မျိုးနဲ့တစ်မျိုး ညီညွတ်မျှတ (သဟဇာတ) ဖြစ်ပြီး အပြန်အလှန် (အညမည) အကျိုးပြုနေတယ် ဆိုတာကို ပညာရှင်တွေက တွေ့ရှိထားပါတယ်။
အီးအမ်ကို စိုက်ခင်းမြေထဲမှာ ထည့်ပေးမယ်။ သီးနှံပင်ပေါ် တိုက်ရိုက်ဖျန်းပေးမယ်၊ မြေဆွေး လုပ်တဲ့နေရာမှာ ထည့်သုံးပေးမယ်ဆိုရင် သီးနှံတွေရဲ့ အထွက်နှုန်းနဲ့ အရည်အသွေးတွေကို တိုးတက်ကောင်းမွန်စေပါတယ်။
အီးအမ် (EM) ၏အာနိသင်နှင့် အကျိုးကျေးဇူးများ
အီးအမ်ကို စတင်တွေ့ရှိခဲ့တဲ့ ဒေါက်တာဟီးဂါး နဲ့ အီးအမ်ကို လက်တွေ့အသုံးချတဲ့ စိုက်ပျိုးရေး ပညာရှင်တွေကေတော့ အီးအမ်ရဲ့ အာနိသင်နဲ့ အကျိုးကျေးဇူးတွေကို ဒီလိုဖော်ပြထားတာ တွေ့ရပါတယ်။
၁။ အီးအမ်မှာ ပါတဲ့ အကျိုးပြုအဏုဇီဝပိုးတွေဟာ လောလောဆယ်မှာ အပင်တွေ စားလို့ မရနိုင်သေးတဲ့ အပင်အရွက် အကြွင်းအကျန် (အော်ဂဲန်နစ်ပစ္စည်း) စတာတွေကို မြန်မြန်ဆွေးမြေ့အောင် ချေဖျက်ပေးပြီး၊ အပင်တွေ စားလို့ရတဲ့ အစာအာဟာရတွေ ဖြစ်အောင် ပြောင်းလဲထုတ်လုပ်ပေးပါတယ်။
၂။ ဓာတုစိုက်ပျိုးရေးစနစ်ကို အခြေမခံတဲ့အတွက် မြေဆီလွှာ၊ ရေထု၊ လေထု ညစ်ညမ်းမှုတွေကို အံ့မခန်းနိုင်အောင် လျှော့ချနိုင်ပါတယ်။
၃။ မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိတွေကို တိုးတက်ကောင်းမွန်စေပြီး ကျစ်လစ်တဲ့ မြေတွေကို ပွရွစေတဲ့အတွက် စိုက်ပျိုးဖို့ မြေပြင်ရာမှာ လွယ်ကူစေသလို၊ အပင်တွေရဲ့ အမြစ်တွေဟာလည်း မြေဆီလွှာကို အလွယ်တကူ ထိုးဖောက်ပြီး၊ အစာအာဟာရကို အလွယ်တကူ စုပ်ယူနိုင်ပါတယ်။
၄။ မြေကြီးရဲ့ ရေထိန်းအားကို ပိုမိုကောင်းမွန်စေတဲ့အတွက် ပူပြင်းခြောက်သွေ့ချိန်မှာ ရေခဏခဏ ပေးစရာမလိုတော့ပါဘူး။
၅။ မြေဆီလွှာအတွင်းမှာ အရင်ကတည်းက ရှိနေတဲ့ အကျိုးပြုအဏုဇီဝပိုးတွေကို ပိုမိုပွားများလာစေတဲ့အတွက် သူတို့ရဲ့ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေပါတယ်။
၆။ အပင်တွေကို အန္တရာယ်ဖြစ်စေတဲ့ မြေဆီလွှာထဲက ပိုးမွှားတွေနဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။
၇။ အပင်တွေကို ထိခိုက်စေတဲ့ မြေဆီလွှာထဲက ဓါတ်ငွေ့ (အပုပ်နံ့) တွေနဲ့ အပူဓါတ်တွေကို ချေဖျက်ပေးပါတယ်။
၈။ အမြစ်ရဲ့ အဟာရဓါတ် စုပ်ယူမှုကို ကူညီပေးပါတယ်။
၉။ အမြစ်ရဲ့ ရေစုပ်ယူမှုကို အားပေးတဲ့အတွက် အပင်တွေကို ရေငတ်ဒဏ် ခံနိုင်စေပါတယ်။
၁ဝ။ မြေချဉ်ငံဓါတ်ကို ထိန်းညှိပေးပါတယ်။ ချဉ်ငံဓါတ်များရင် နည်းအောင် လုပ်ပေးပြီး၊ နည်းရင် များအောင် ညှိပေးပါတယ်။ ဓါတ်မြေသြဇာ အသုံးများလို့ ဖြစ်လာတဲ့ မြေအချဉ်ပေါက်တာကို လျှော့ချပေးပါတယ်။
၁၁။ မျိုးစေ့တွေ အပင်ပေါက် မြန်စေပါတယ်။ အပင်ပေါက် ညီစေ၊ အပင်ဖွံ့ဖြိုးမှု ကောင်းစေ၊ အပွင့်စောစေ၊ အသီးတင်စေ၊ အသီးများစေပြီး၊ အသီးအနှံရဲ့ အနံ့အရသာတွေ ပိုမိုကောင်းမွန်စေပါတယ်။ စိုက်ပျိုးရေး နယ်ပယ်အသီးသီးမှာ ကဏ္ဍအစုံအတွက် အသုံးချနိုင်တဲ့အတွက် အကျိုးကျေးဇူများစွာ ရရှိစေပါတယ်။
၁၂။ သီးနှံပင်တွေရဲ့ နေရောင်နဲ့ အစာချက်နိုင်မှုစွမ်းအားကို ပိုမိုကောင်းမွန်စေပါတယ်။
၁၃။ သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်လို့ ဖြစ်လာတဲ့ ရောဂါနဲ့ ပိုးမွှားအန္တရာယ်တွေကို ကာကွယ်ပေးတဲ့အတွက် အထွက်နှုန်း လျော့နည်းတာကို လျှော့ချပေးပါတယ်။
၁၄။ မစိုက်မီ မြေတွေမှာ အီးအမ်ထည့်ပေးတာဟာ ပေါင်း မြက်တွေရဲ့ အစေ့တွေကို မြန်မြန်ပေါက်စေ၊ တပြိုင်တည်း ပေါက်လာစေတဲ့အတွက် ပေါင်းရှင်းတဲ့အခါ တစ်ခါတည်း ရှင်းနိုင်ပြီး၊ အကြိမ်ကြိမ် ရှင်းစရာ မလိုတဲ့အတွက် အချိန်အား ငွေအား လူအားတွေကို သက်သာစေပါတယ်။
၁၅။ မြေသြဇာတွေရဲ့ အစွမ်းကို ပိုမိုထိရောက်စေ၊ တာရှည်ခံစေတဲ့အတွက် မြေသြဇာ လျှော့ထည့်နိုင်ပါတယ်။
ဒီအာနိသင်နဲ့ အကျိုးကျေးဇူးတွေကြောင့် ဒေါက်တာဟီးဂါးက အီးအမ်နည်းပညာကို သုံးပြီး ကမ္ဘာ့လူဦးရေ ၁၀ ဘီလီယံစာအတွက် စားနပ်ရိက္ခာကို သာသာလေး ဖြေရှင်းပေးနိုင်မယ်လို့ အာမခံထားပါတယ်။ သူက သဲကန္တာရလွင်ပြင် စိမ်းလန်းစိုပြေရေးအထိပါ အာမခံပြီး လုပ်ပေးခဲ့တာ အခုဆို အီဂျစ်နဲ့ ဆော်ဒီဒေသတွေမှာတောင် အောင်မြင်တဲ့ ပြယုဂ်တွေ ပေါ်ပေါက်လာပါပြီ။
အီးအမ်ဟာ စိုက်ပျိုးရေးကဏ္ဍတွေမှာ သာမက မွေးမြူရေးကဏ္ဍတွေမှာလည်း အကျိုးကျေးဇူး အလွန်များပြားလှပါတယ်။
- ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက် စတဲ့ တိရစ္ဆာန်မွေးမြူရေးမှာ အီးအမ်ကို ကြွေးခြင်းအားဖြင့် ကျန်းမာသန်စွမ်းခြင်း၊ အကြီးမြန်ခြင်း၊ အသားတိုးကြင်း စတဲ့ အကျိုးတွေကို ရရှိနိုင်ပါတယ်။
-
ဒါ့အပြင် ငါးမွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ရေကူးကန် စတာတွေမှာလည်း ဒီ EM နည်းပညာကို အသုံးချနိုင်ပါတယ်။
-
ရေဆိုးရေညစ် မိလ္လာစနစ်များရဲ့ အနံ့ဆိုးတွေ ပယ်ဖျောက်တဲ့နေရာမှာလဲ အသုံးဝင်ပါတယ်။
-
ဆူနာမီ၊ ငလျင်၊ ရေဘေးသင့်ဒေသတွေမှာလည်း ဝမ်းရောဂါ၊ ကပ်ရောဂါများ မဖြစ်ရလေအောင် ကာကွယ်တဲ့နေရာမှာလည်း အီးအမ်နည်းပညာကို အသုံးပြုကြပါတယ်။
-
ဒါ့အပြင် လူတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ကိစ္စရပ်တွေမှာလည်း အသုံးချနိုင်ပါတယ်။
အီးအမ် အဆင့်အမျိုးမျိုး
အီးအမ်ဆိုတဲ့ အကျိုးပြုအဏုဇီဝမှာ အဆင့်အမျိုးမျိုး ခွဲခြားထားတာ ရှိပါတယ်။
၁။ ပင်မ အီးအမ် (Orginal EM – OEM)
၂။ အီးအမ် အပြင်း (Concentrate EM – CEM)
၃။ အသင့်သုံး အီးအမ် (Instent EM – IEM)
၄။ အီးအမ်-5 (EM5)
၅။ အီးအမ်-6 (EM6)
၆။ အီးအမ် အက်ဖ်ပီအီး (Fermented Plant Extract – EM.FPE) စတာတွေပဲ ဖြစ်ပါတယ်။
ပင်မ အီးအမ် စတဲ့ အီးအမ်အဆင့်အမျိုးမျိုး ပြုလုပ်နည်းနဲ့ ပတ်သက်ပြီး နောက်အပတ်တွေမှာ ဆက်လက်တင်ပြသွားပါ့မယ်။ ။
(နိုင်အာကာ လေ့လာစုစည်းတင်ပြသည်)
ကိုးကား
၁။ အီးအမ် (အကျိုးပြု အဏုဇီဝ) နည်းပညာ – EM (Effective Microorganisms) Technology
၂။ ဆရာကြီး စောငုဝါ (ပျဉ်းမနား) ၏ စိုက်ပျိုးရေးဆိုင်ရာ စာတမ်းများ
၃။ ကိုဝေအောင် ၏ အီးအမ်နှင့် ပတ်သက်သည့် ဆောင်းပါးများ
၄။ ကိုယ်တိုင် ပြုလုပ် သုံးစွဲမှု အတွေ့အကြုံများ