တိုးတက်လာတဲ့ယနေ့ခေတ်မှာ ခေတ်ရေစီးချောင်းအရ မော်ဒယ်ဟုဆိုလိုက်သည်နှင့် လူအများ စိတ်ဝင်စားခြင်းခံရပြီး သူတို့လေးတွေရဲ့Biography ကိုလည်းသိချင်လာတတ်ကြပါတယ်။ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် ကြိုးပမ်းတဲ့နေရာမှာ အနုပညာကဏ္ဍသည်လည်း အထူးပင် အရေးပါလှပါတယ် ဥပမာကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ အနုပညာရှင်တွေကြောင့် ကိုရီးယားနိုင်ငံကို ကလေးကအစ စိတ်ဝင်စားလာကြတာကို စံနမူနာယူပြီး မြန်မာ့အနုပညာကဏ္ဍကိုလည်း တိုးတက်

model-phone-pyint အောင်လုပ်ဆောင်တဲ့နေရာမှာ မော်ဒယ်ကဏ္ဍကိုလည်းမေ့ထားလို့မရပါဘူး ဒါကြောင့် လက်ရှိ မော်ဒယ်လ်လောကမှာ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေတစ်ခဲနက်ရထားပြီးဖြစ်တဲ့ မော်ဒယ်လ် ဘုန်းပြည့် နှင့် သံလွင်တိုင်းမ်သတင်းဌာနတို့တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။

မေး- အစ်ကို့ရဲ့မိသားစုတွေနဲ့ မိတ်ဆက်ပေးပါဦး။
ဖြေ-အစ်ကို့မှာ မိသားစု(၆)ယောက်ရှိပါတယ်။ အဖေနဲ့အမေပါဆိုရင်တော့ (၈)ယောက်ပေါ့။ မိဘတွေကတော့မရှိကြတော့ဘူး။ အစ်မ(၅)ယောက်ရှိတယ် အစ်ကိုကအငယ်ဆုံးပါ။

မေး-အနုပညာအလုပ်ကိုရော ဘယ်အချိန်လောက်ကစိတ်ဝင်စားလာတာလဲ။
ဖြေ-(၇)တန်းလောက်ကတည်းက စိတ်ကူးယာဉ်တတ်လာပါပြီ။ ကျောင်းတစ်ဖက်နဲ့ဆိုတော့ တွင်တွင်ကျယ်ကျယ် မလုပ်ဖြစ်ဘူး။ အိမ်ကလည်းကျောင်းစာပျက်မှာစိုးလို့ခွင့်မပြုတာရယ်။ မော်လမြိုင်မှာ Show ပွဲတွေစလျှောက်ဖြစ်တယ်။ ဓာတ်ပုံတွေရိုက်ဖြစ်တယ်။ ဒီလောက်နဲ့ပဲ သွားရတာပေါ့။ Professional ကျကျတော့ မလုပ်ဖြစ်ခဲ့ဘူး။ ၂၀၁၅ခုနှစ် (၁၀)လပိုင်းလောက်မှ အနုပညာအလုပ်ကို တစ်စိုက်မတ်မတ်စလုပ်ဖြစ်တာပါ။

မေး-ဘုန်းပြည့်ဆိုပြီးတော့ ပရိတ်သတ်တွေဘယ်အချိန်မှာစသိခဲ့တယ်လို့ထင်လဲ။
ဖြေ-ကိုယ်ကမွန်လူမျိုးဖြစ်တဲ့အတွက် မွန်ဝတ်စုံတွေနဲ့ ဓာတ်ပုံတွေရိုက်တယ်။ Real Coffee Mix ကြော်ငြာနဲ့ Photo Shooting တွေရိုက်လာတယ်။ အဲ့ဒီကစပြီး သတိထားမိလာကြတယ်။

မေး-မွန်လူမျိုးဆိုတော့ မိသားစုကရော။
ဖြေ-တစ်မိသားစုလုံး မွန်လူမျိုးတွေပါပဲ။ မွန်စစ်စစ်ပေါ့။

မေး-အခု Photo Model တွေလုပ်တယ်။ MTV တွေမှာလည်းသရုပ်ဆောင်တာတွေရှိတော့ အခွင့်အရေးရမယ်ဆိုရင် သရုပ်ဆောင်လုပ်ဖို့ရှိလား။
ဖြေ-ကိုယ်ရဲ့ရည်ရွယ်ချက်ကတော့ သရုပ်ဆောင်ပါ။ ကိုယ်ကနယ်ဘက်ကဖြစ်တဲ့အတွက် အဆက်အသွယ်မရှိဘူး။ အစိမ်းသက်သက်ကြီးဖြစ်လို့ Model လိုင်းကနေစပြီးဝင်တာပေါ့။ အခွင့်ရေးရရင်တော့ သရုပ်ဆောင်လုပ်မှာပါ။

မေး-အပျော်တမ်းသီချင်းဆိုတာတွေလည်းရှိတော့ အဆိုတော်လုပ်ဖို့ရော ဝါသနာပါလား။
ဖြေ-အခွင့်ရေးရရင်တော့ ဆိုချင်ပါတယ်။ ဒါပေမယ့် လောလောမော်ဒယ်လောက နဲ့သရုပ်ဆောင် ဘက်မှာပိုပြီးအောင်မြင်လာအောင်ကြိုးစားနေပါတယ်။

မေး-အခုမော်ဒယ်လ်လောကမှာလည်း နာမည်လည်းရလာပြီဆိုတော့ လက်ဦးဆရာတွေကရော။
ဖြေ-ဦးချို(super star angency) နဲ့အလုပ်တူတူတွဲလုပ်တယ်။ သူတို့ကလည်းအကူအညီပေးတယ် သူက လက်ဦးဆရာပါပဲ။

မေး-အခုလက်ရှိအနုပညာလှုပ်ရှားမှုကရော ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ-MTVနဲ့Photoတွေရိုက်ဖို့ရှိတယ်။ ကြော်ငြာတွေလည်းအများကြီး လက်ခံထားတာရှိတယ်။ နောက်ပိုင်းကျရင်တော့ သရုပ်ဆောင်ဘက် ကူးဖို့ရှိတယ်။

မေး-Mister ပွဲတွေရောဝင်ပြိုင်ဖို့ရှိလား။
ဖြေ-နိုင်ငံခြားပွဲတွေတော့ ဝင်ပြိုင်ချင်ပါတယ်။ လောလောဆယ်တော့ Body ပိုင်းရော English Speaking ပိုင်းရော ပြင်ဆင်တာတွေရှိပါတယ်။

မေး-အစ်ကို့ရဲ့ လက်ရှိ Body Structure နဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းလဲ။
ဖြေ-ဒီအလုပ်လုပ်လုပ်မှဂရုစိုက်ဖြစ်တာပါ။ အမှန်တော့ထိန်းသိမ်းရမှာ အရမ်းပျင်းတယ်(ရယ်လျက်) Body ပိုင်းကတော့ ကျောင်းတက်ကတည်းကဆော့တယ်။ ကျောင်းပြီးတော့မှ Gym ပုံမှန်ဆော့ ဖြစ်ပါတယ်

မေး-အစ်ကို့ပညာအရည်ချင်းနဲ့ အနုပညာအလုပ်လုပ်ရင်းရရှိလာတဲ့ အမှတ်တရတွေလည်း ပြောပြပေးပါဦး။
ဖြေ-မော်လမြိုင်တက္ကသိုလ်မှာပဲChemistryနဲ့ကျောင်းပြီးထားတာပါ။ အမှတ်တရကတော့ ၂၀၁၆ ဒီဇင်ဘာ(၃၀)ပေါ့ သံဖြူဇရပ်မှာ ရှိုးပွဲလျှောက်ဖြစ်တယ်။ မဂ်လာဝတ်စုံနဲ့အဲ့ဒီမှာ ၀၀ကစ်ကစ် ကောင်မလေးတစ်ယောက်နဲ့တွဲရတယ်။ ကိုယ်ကဓာတ်ပုံရိုက်ပြီး Onlineပေါ်မှာတင်လိုက်တယ်။ ပရိတ်သတ်တွေကကောင်လေးချောချောနဲ့ဒီ၀၀ကစ်ကစ်ကြီးနဲ့တကယ်မင်္ဂလာဆောင်သွားတယ်ထင်ပြီးတော့ တော်တော်ဖြေရှင်းလိုက်ရတယ်။ တစ်ချို့ကလည်း ဒါမှတကယ့်အချစ်စစ်အချစ်မှန်ဆိုပြီး ပြောတာတွေရှိတယ်။ အဲ့ဒါကတော့မှတ်မှတ်ရရပါပဲ။

မေး-အနုပညာအလုပ်လုပ်ရင်းအခက်ခဲတွေကြုံလာလို့ စိတ်ဓာတ်ကျတဲ့အချိန်တွေရောရှိမလား။ ဘယ်လိုဖြေရှင်းလဲ။
ဖြေ-အခက်အခဲတွေကတော့အများကြီးပါပဲ။ စိတ်ဖိစီးမှုတွေလည်းကြုံရတယ်။ အဓိကကတာ့ကိုယ့်ကို မကောင်းပြောတဲ့သူတွေကိုခွင့်လွှတ်နားလည်ပေးပြီး သည်းခံရပါတယ်။ တအားစိတ်ညစ်တဲ့အခါ Gym ဆော့တယ်။ တစ်ယောက်တည်းနေတာများတယ်။ သီချင်းတွေနားထောင်တယ်မကောင်းပြောတာရှိရင် အကောင်းမြင်ပေးဖို့ကြိုးစားလိုက်တယ်။ ရင်ဖွင့်စရာ မိဘတွေလည်းမရှိတော့ဘူး။ မိသားစုတွေ ကလည်းအဝေးမှာဆိုတော့မခံစားနိုင်တာတွေရှိရင်မှန်ရှေ့မှာ ကိုယ့်ဘာသာပြောချင်တာပြောပြီး ဖြေသိမ့်ခဲ့ရပါတယ်။

မေး-အစ်ကို့လိုကြိုးစားနေတဲ့သူတွေအတွက် ဘယ်လိုတွေအကြံပေးချင်လဲ။
ဖြေ-အစ်ကိုတို့လည်းဘာမှအဆက်သွယ်မရှိဘာသင်တန်းမှမတက်ဘဲ ကြိုးစားခဲ့ရတယ်။ အဓိက ကိုယ်ဖြစ်ချင်တာပဲ ရှိတယ်ကိုယ့်ရဲ့အားနည်းချက် ကိုယ်ဘာလိုအပ်လဲဆိုတာ ပြန်ကြည့်သင့်တယ် ဘယ်အရာမဆိုအခက်ခဲရှိတာပဲလေ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါလို့ပြောချင်ပါတယ်။

မေး-ပြည်တွင်းပြည်ပအားကျရတဲ့အနုပညာရှင်တွေရှိရင်လည်း ပြောပြပေးပါဦး၊
ဖြေ-ပြည်တွင်းမှာတော့ကိုအောင်ရဲလင်းကတော့ကိုယ့်ရဲ့Idolပါပဲ။ သူပေါ်ကာစကတည်းကအားကျခဲ့ ရတာပါ။ ပြည်ပမှာတော့ စွဲစွဲမြဲမြဲကြိုက်တာတော့မရှိဘူး။ ထိုင်းကားတို့ အိန္ဒိယကားတို့တော့ကြည့် ဖြစ်တယ်။

မေး-လက်ရှိအစိုးရသစ်လက်ထက်မှာရောအနုပညာရှင်တစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရော ရှိလား။
ဖြေ-အစ်ကိုတို့ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရဖြစ်တဲ့အတွက်ကြိုက်ပါတယ်။ အခုကအားလုံးက သူ့ဟာနဲ့သူ ဒီလောကထဲကို ထိုးဖောက်နေကြတာပါပဲ။

မေး-အစ်ကို့အနေနဲ့ရည်ရွယ်ထားတဲ့သူရောရှိနေပြီလား၊အစ်ကိုသဘောကျတဲ့မိန်းကလေးပုံစံကရော ဘယ်လိုမျိုးဖြစ်မလဲ။
ဖြေ-ဒီအလုပ်လုပ်နေတဲ့အတွက်ဒီအလုပ်ကိုပဲ ဒီထက်ပိုအောင်မြင်အောင်ကြိုးစားချင်သေးတယ်။ ကိုယ်က အသားညိုတဲ့မိန်းကလေးတွေဆိုကြိုက်တယ်(ရယ်လျက်) မြန်မာမိန်းကလေးတွေပေါ့နော်။ နည်းနည်းခေတ်မှီရမယ်ပေါ့နော်။ ကိုယ့်အလုပ်ကိုလည်း နားလည်ပေးနိုင်ပြီးကိုယ့်ကိုလည်း ချစ်နိုင်ရမယ်ပေါ့။

မေး-အစ်ကို့ပရိတ်သတ်တွေအတွက် စကားလက်ဆောင်ပါးပေးပါအုံး။
ဖြေ-အစ်ကို့ကိုအားပေးနေတဲ့ပရိတ်သတ်တွေအတွက် သူတို့ကြိုက်နှစ်သက်တွေပုံစံ ဖြစ်အောင် ကြိုးစားနေပါတယ်။ မသိသေးတဲ့ပရိတ်သတ်တွေလည်းသိလာအောင်ကြိုးစားနေတယ်။ ဆက်ပြီး တော့အားပေးပါအားပေးရကျိုးနပ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။

မေး-အစ်ကို့ကိုဆက်သွယ်လို့ရမယ့်လိပ်စာလေးလည်းပြောပြအုံး။
ဖြေ-မော်လမြိုင်မှာဆိုရင် အမှတ်(၇၄၉)၊မြိုင်သာယာ(၉)လမ်းပါ။ ရန်ကုန်မှာဆိုရင်တော့ အမှတ်(၂၀၄) မေခ ကွန်ဒို၊ပါရမီလမ်းမှာပါ။

သံလွင်တိုင်းမ်ရဲ့စာဖတ်ပရိတ်သတ်များခင်ဗျား အရပ်၅ပေ၉လက်မမြင့်တဲ့ မော်ဒယ်လ်ဘုန်းပြည့်ကို ၁၉၉၅ ခုနှစ် နိုဝင်ဘာလ (၁၆)ရက်မှာမွေးဖွားခဲ့တဲ့အတွက် လာမယ့်နိုဝင်ဘာ (၁၆)ဆိုရင် အသက် (၂၁)ပြည့်မှာမို့ မွေးနေ့လက်ဆောင်လေးတွေပေးတဲ့အခါသူကြိုက်တဲ့ အသုံးအဆောင်လေးတွေ ကိုလည်းဖောက်သည်ချလိုက်ပါတယ်။ ရွှေထူးနှင့် နီနီခင်ဇော်သီချင်းတွေကို နှစ်သက်ပြီး အချဉ်အစပ် တွေကိုလည်းစားလေ့ရှိသတဲ့။ အဖြူရောင်နှင့်အနီရောင်ကိုသဘောကျတဲ့သူဟာ အရမ်းကို ဖြူစင် ရိုးသားပြီး စကားပြောယဉ်ကျေးတဲ့အပြင် ရွှေငါးလေးတွေနဲ့ခွေးလေးတွေကို ချစ်တတ်ပြန်သတဲ့။
ဖြေကြားပေးတဲ့မော်ဒယ်ဘုန်းပြည့်ကိုလည်းအထူးကျေးဇူးတင်ရှိပြီး အောင်မြင်မှုသရဖူများစွာ ဆောင်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
အဲနောက်တစ်ပတ်မှာလည်းဘယ်အနုပညာရှင်ကဘယ်လိုတွေ ဖြတ်သန်းလာခဲ့လဲဆိုတာတွေကို သံလွင်တိုင်းမ်သတင်းဌာနမှ ဦးဦးTUကတင်ဆက်ပေးသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ခံစားနိုင် ပါတယ်။

TU Arkar Min
ဓါတ်ပုံ – အင်တာနက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.