တာင်ကိုးရီးယားနိုင်ငံ၏မြို့တော်ဆိုးလ်တွင် ကျင်းပနေသည့် ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှုနှင့်မြို့တော်ဝန်များ၏ ၂ ရက်တာညီလာခံသို့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြိ့နယ် စည်ပင်သာယာရေးကော်မတီမှ ဥက္ကဌဖြစ်သူ ဦးထွန်းမြင့်ကျော်လည်း သွားရောက်တက်ရောက်နေသည်ဟု သတင်းရရှိပါသည်။

“UCLG(ASPAC) ဆိုတဲ့အဖွဲ့ကနေတစ်ဆင့် ဖိတ်လာတဲ့အတွက် လာတက်ဖြစ်တာပါ။ အဓိက ကတော့ ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာမှုကြောင့်ဖြစ်လာတဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ခုခံကာကွယ်ဖို့၊ ရေရှည်မှာ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ သဘာဝဘေးဒဏ်တွေကို ခုခံကာကွယ်နိုင်ဖို့ နည်းလမ်းရှာတာတွေ၊ ဂတိကဝတ်ပြုထားတာတွေကို အကောင်အထည်ဖော်မယ့်နည်းလမ်းတွေ၊ စတာတွေကို ညှိနှိုင်းဆွေးနွေးကြဖို့နဲ့အတွေ့အကြုံတွေဖလှယ်ကြဖို့ ရည်ရွယ်ပြီး ဆိုးလ်မြို့တော်ဝန်က ကမကထလုပ်တဲ့ညီလာခံပါ” ဟု ညီလာခံတက်ရောက်နေသည့် သံဖြူဇရပ်မြို့ စည်ပင်သာယာရေးကော်မတီဥက္ကဌက ပြောပါသည်။

ယင်းညီလာခံကို ကိုးရီးယားနိုင်ငံ၏မြို့တော် ဆိုးလ်မြို့တွင် ကျင်းပနေခြင်းဖြစ်သည်။ ကုလသမဂ္ဂမှချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးရေးရည်မှန်းချက်ပါ အချက်များမှ ၁၁ ချက်မြောက်ဖြစ်သည့် မြို့ပြများဆိုင်ရာအချက်အလက်နှင့်ပတ်သက်ပြီး ရေရှည်တည်တံ့ရေးကို ချမှတ်ထားရာ၊ ယင်းအချက်ကို ပဲရစ်သဘောတူညီမှုစာချုပ်နှင့်ချိတ်ဆက်ပြီး ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂါတ်တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့်နည်းလမ်းများကို ရှာဖွေနိုင်မည့်အခွင့်အလမ်းများရရှိစေရန် ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။


ယင်းညီလာခံသို့ ကမ္ဘာတစ်လွှားမှ မြို့တော်ဝန်များ အယောက် သုံးဆယ်အပါအဝင်၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများ၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပညာရှင်များ၊ မြို့ပြစီမံခန့်ခွဲရေးဆိုင်ရာကျွမ်းကျင်သူများနှင့် မြို့တော်ဝန်ရုံးအထူးကိုယ်စားလှယ်များ စုစုပေါင်း အယောက် ၃၀၀ ခန့်တက်ရောက်ကြသည်။

ညီလာခံဖွင့်ပွဲကို ဆိုးလ်မြို့တော်ဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေသတွင်းအစိုးရများအနေဖြင့် ပဲရစ်သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲလာမှုကို တိုက်ဖျက်ရာတွင် အရေးကြီးသောစစ်မျက်နှာမှ ပါဝင်နိုင်သည်ဟု ပြောကြားသွားခဲ့သည်။ ယင်းညီလာခံမှာ စက်တင်ဘာ ၁ နှင့် ၂၊ စုစုပေါင်း ၂ ရက်တာကြာမြင့်မည်ဟု သိရသည်။

ယင်းညီလာခံကို ဆိုးလ်မြို့တော်ဝန်ရုံး၊ ညီညွတ်သော မြို့ပြများနှင့်ဒေသန္တရအစိုးရများအဖွဲ့ UCLG(ASPAC)၊ ရေရှည်တည်တံ့ရေးအတွက် ဒေသန္တရအစိုးရများအဖွဲ့ (ICLEI) တို့က ကုလသမဂ္ဂမှ မြို့ပြဆိုင်ရာတာဝန်ယူဆောင်ရွက်သည့်အဖွဲ့အစည်းနှင့် UN-Habitat အဖွဲ့တို့၏အားပေး ထောက်ခံမှုဖြင့် ယခုညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.