ရေး ၊ ဇူလိုင် ၂၇
ရေးမြို့ပြည်သူ့ဆေးရုံနှင့်ပတ်သက်၍ အကြံပြုချက်များရှိပါက ဆေးရုံအုပ်ထံ တိုက်ရိုက်ပြောကြားနိုင် ကြောင်း ရေးမြို့ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ် ဒေါက်တာမေစန်းချိုက သံလွင်တိုင်းမ်သို့ ပြောသည်။
“ အကြံပေးချင်တာတွေရှိနေတာဆိုရင် ဆရာဝန်မကြီးထံ တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါတယ်။ ကျွန်မတို့အနေနဲ့လည်း လိုအပ်တာတွေပြန်လည်ပြောဆိုလို့ရတာပေါ့၊ အကြံပြုချက်တွေနဲ့ပတ်သက်ပြီးတော့ လည်း ချက်ခြင်းဖြေရှင်းနိုင်တဲ့ကိစ္စဆိုရင် ချက်ခြင်းဖြေရှင်းပေးနေပါတယ် ” ဟု ၎င်းက ဆိုသည်။
လက်ရှိရေးမြို့ပြည်သူ့ဆေးရုံအနေဖြင့် ကုတင် ၁၀၀ အဆင့်နှင့်လျော်ညီသည့် ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ မေ့ဆေး၊ အရိုး၊ ဓါတ်မှန်၊ ရောဂါဗေဒ၊ သွား စသည့် အထူးကုဆရာဝန်များအပြင် လက်ထောက်ဆရာဝန် ၁၄ ဦးချထားပြီး အခမဲ့ဝန်ဆောင်မှုအနေဖြင့် အစိုးရမှ ဆေးများအခမဲ့ပေးထားသော် လည်း လိုအပ်ပါက လူနာများမှ ထပ်မံဝယ်ယူရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
“ အခမဲ့ကအမျိုးမျိုးရှိတယ်၊ ဆေးပေးထားတဲ့ဟာတွေရှိတယ်၊ ကျွန်မတို့ဆီမှာ အစိုးရက အခမဲ့ဆေးပေး ထားတဲ့ဟာတွေရှိတယ်၊ တကယ်မို့ ကိုယ့်ဆီမှာရှိတဲ့ဆေးနဲ့ ဒီလူနာနဲ့အဆင်ပြေလို့ရှိရင်တော့ အဆင်ပြေသွား မယ်၊ တကယ်လို့ကိုယ့်ဆီမှာမရှိဘူးဆိုရင် လူနာက ထပ်ဝယ်ရင်ဝယ်ရလိမ့်မယ်၊၊ ဓါတ်ခွဲတွေနဲ့ပတ်သက်ပြီးတော့
ဥပမာအားဖြင့် သွေးနဲ့ပတ်သက်တာတွေက အခမဲ့၊ လူတိုင်းက FOC မရနိုင်ဘူး၊ မျှပြီးတော့ ပေးရတာပဲ၊ အကုန် လုံးကိုအခမဲ့မပေးနိုင်ပေမယ့် ချင့်ချိန်ပြီးတော့ လိုအပ်သလိုလုပ်ပေးနေပါတယ်၊ ခွဲစိတ်ကုသမှုအတွက်ကတော့
သတ်မှတ်ထားတာမရှိပါဘူး ” ဟု ဆေးရုံအုပ် ဒေါက်တာမေစန်းချိုက သံလွင်တိုင်းမ်သို့ ပြောသည်။
ဆေးရုံမှဆင်းသည့်လူနာများအနေဖြင့်လည်း ရေးချင်သည့်အကြောင်းအရာများ၊ အကြံပြုချက်များနှင့် မျက်နှာချင်းဆိုင်ပြောဆိုရန်ခက်နေသည့် အကြောင်းအရာများအား ရေးသားနိုင်ရေး ဆောင်ရွက်ထားရှိပါ ကြောင်း ဆရာဝန်၊ ဆရာမများ၏ ဆက်ဆံရေး၊ ဆေးရုံ၏သန့်ရှင်းရေးများနှင့်ပတ်သက်ပြီး ရင်ထဲတွင်ပြော ချင်သည်များရှိပါကလည်း ရေးသားနိုင်ပါကြောင်း ဒေါက်တာမေစန်းချိုက ပြောသည်။
“ လက်ရှိအနေအထားအရတော့ လူနာများရင်တော့ အဆင်ပြေသလို ကုတင်ထိုးပြီး ကုသနေရတုန်းပဲ၊ ဆေးရုံနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေရှိနေမယ်ဆိုရင်လဲ ပွင့်ပွင့်လင်းလင်းတိုင်ကြားပြောဆိုမှုတွေတော့ လုပ်ရမှာပဲ၊ အဲ့လိုလုပ်မှပဲ နှစ်ဦးနှစ်ဖက်အပြန်အလှန်နားလည်မှုရကြမယ်၊ ပြင်သင့်တာတွေပြင်ကြရမယ်ပေါ့ ”
ဟု အောင်မေတ္တာရပ်ကွက်နေ ပြည်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။
ရေးမြို့ပြည်သူ့ဆေးရုံအနေဖြင့် အဆောက်အအုံ(၃)လုံးတည်ဆောက်ထားရာ (၂)လုံးမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပြီး လိုအပ်သည့် ဖြည့်တင်းမှုများဆောင်ရွက်လျက်ရှိကာ မကြာသောကာလအတွင်း ကုတင် ၁၀၀ အဆင့်နှင့်လျော်ညီသည့် ကျန်းမာရေးဝန်ဆောင်မှုများကို ဒေသခံပြည်သူများအတွက် ဆောင်ရွက်ပေးလာနိုင် တော့မည်ဖြစ်သည်။
သတင်း – ရဲနိုင်ဦး