ပေါင်၊ ဇူလိုင် ၂၇
ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ ကာလအတန်ကြာအသုံးပြုခြင်းမရှိခဲ့သဖြင့် ဆွေးမြေ့နေသော မြို့နယ်အားကစားရုံအား အသစ်ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်တင်ထားကြောင်း ပေါင်မြို့နယ် အား/ကာ ဌာနမှ သိရသည်။
” မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး ပြန်ဆောက်သင့်ပြီလို့မှတ်ချက်ပြုသွား
ခဲ့ပြီးပါပြီ။ ဘတ်ဂျက်လည်းတင်ထားပြီးပြီလို့သိရပါတယ်”ဟု ပေါင်မြို့နယ် အား/ကာဦးစီးမှုးဒေါ်အေးသီတာအောင်က ပြောသည်။
အားကစားရုံဟောင်းကို ဖျက်၍အသစ်ပြန်လည်တည်ဆောက်ရန်အတွက် ဘတ်ဂျက်ရေးဆွဲထားပြီး အင်ဂျင်နီယာဌာနမှ တွက်ချက်ထားကြောင်းလည်း သိရသည်။
အဆိုပါ အားကစားရုံဟောင်း၏သက်တမ်းမှာ နှစ်ပေါင်း(၆၀)ကျော်ခန်ရှိ ရုပ်ရှင်ရုံ၊ စပါးဂိုထောင်၊ စသည်ဖြင့် လမ်းစဉ်ပါတီခေတ်ကအသုံးပြုခဲ့ကြကြောင်း အသက်(၆၂)နှစ်အရွယ် ဦးစံသိန်းက ယခုလို ပြောသည်။
“တို့ငယ်ငယ်လေးထဲက ဒီအားကစားရုံကရှိနေပြီ၊ ရုပ်ရှင်ရုံအဖြစ်ငှားစားခဲ့ကြသေးတယ်၊ ပါတီကောင်စီခေတ်ကပေါ့၊စပါးဂိုထောင်လည်းလုပ်ကြသေးတယ်”ဟုအသက်(၆၂)နှစ်အရွယ် ဦးစံသိန်းက သူသိမီတွေ့ကြုံခဲ့ရသော ထိုအားကစားရုံ၏သမိုင်းကိုပြောပြသည်။
အားကစားရုံပြန်လည်တည်ဆောက်ပြီးပါက ခန်းမအတွင်းအားကစားနည်းများဖြစ်သော ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ဘတ်စကက်ဘော စသည့်အားကစားပြိုင်ပွဲများကျင်းပပေးနိုင်မည်ဖြစ်သည့်အပြင် မြို့နယ်အဆင့်ခန်းမအဖြစ် အစည်းအဝေးများနှင့် အခမ်းအနားများကိုလည်းကျင်းပနိုင်မည်ဖြစ်ကြောင်း ပေါင်မြို့နယ်အား/ကာဦးစီးမှုးဒေါ်အေးသီတာအောင်က ထပ်မံပြောဆိုခဲ့သည်။
သတင်း – ဝရဇိန် (ပေါင်)