ရေး ၊ ဇူလိုင် ၂၃

မွန်ပြည်နယ်ရဲတပ်ဖွဲ့နှင့် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့တို့၏ ညွှန်ကြားမှုဖြင့် ရေးမြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးခန်းမတွင် ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပခဲ့သော ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားများအကြား ပြဿနာများညှိနှိုင်းဖြေရှင်းခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ရေလုပ်ငန်းရှင်တို့အနေဖြင့် ရေလုပ်သားများရရှိရေး အတွက် ခိုင်မာသည့် အကျိုးဆောင်အဖွဲ့တစ်ခုပေါ်ပေါက်ရေး အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

n1

ဒေသခံရေလုပ်သားများနည်းပါးသဖြင့် ရေလုပ်ငန်းရှင်အများစုအနေဖြင့် ရေလုပ်သားရရှိရေး ပွဲစားများ ကိုသာ အားကိုးနေရပြီး လုပ်ငန်းကျွမ်းကျင်မှုမရှိခြင်းကြောင့်လည်းကောင်း၊ ပွဲစားများ၏ စည်းရုံးသိမ်းသွင်းမှုများ ကြောင့်လည်းကောင်း လုပ်အားခ အပြည့်အဝမရရှိခြင်း၊ ဒုစရိုက်မှုများဖြစ်ပွားခြင်းနှင့် အလုပ်ရှင်နှင့် အလုပ် သမားတို့၏ အခွင့်အရေးများ ဆုံးရှုံးနေရသည့်အပေါ် ဆွေးနွေးရာတွင် အထက်ပါအတိုင်း အဓိကထား ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

“ တစ်မြို့နယ်လုံးခြုံပြီးပြောရရင်တော့ လိုအပ်တဲ့အလုပ်သမားအရေအတွက်ရဖို့ဆိုရင် ခိုင်မာတဲ့အကျိုးဆောင် အဖွဲ့ကို လိုလားတယ်၊ တာဝန်ယူမှုတာဝန်ခံမှုအနေ
နဲ့ အလုပ်သမားဘက်ကိုလဲ တာဝန်ယူပေးရမယ်၊ အလုပ် သမားတွေကိုလဲ ကျွန်တော်တို့က တာဝန်ယူပေးမယ်၊ ထိုက်သင့်တဲ့အကျိုးဆောင်ခနဲ့ပေါ့၊ ဒီပွဲမှာ အလုပ်ရှင်တွေ ရဲ့အခက်အခဲတွေကိုလဲ ပြောပြခွင့်ရခဲ့တယ်၊ လှေရှင်ပဲ အကုန်လုံးမှန်တယ်လို့မပြောလိုပါဘူး၊ အလုပ်သမား တိုင်းလဲမကောင်းပါဘူး ” ဟု ချောင်းတောင်ကျေးရွာနေရေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဇော်မိုးက သံလွင်တိုင်းမ် သို့ ပြောသည်။

အကျိုးကျေးဇူးအများကြီးရှိသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း၊လုပ်ငန်းရှင်တွေမသိသေးသည့် ဥပဒေများ၊ ဆောင်ရန်ရှောင်ရန်များသိရှိသွားခဲ့ပါကြောင်း၊ လုပ်အားခအပြည့်အဝရရှိရေးအတွက် သက်ဆိုင်ရာ ရေလုပ်ငန်းရှင်များအသင်းက စနစ်တကျထိန်းချုပ်ဆောင်ရွက်မည့်အစီအစဉ်များလည်း အကောင်အထည်ဖော် နေပြီဖြစ်ကြောင်းလည်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က ပြောသည်။

“ ပွဲစားမငှားနဲ့လို့တော့မပြောလိုပါဘူး။ ယုံကြည်စိတ်ချတဲ့သူဖြစ်ရမယ်၊ ငွေပေးငွေယူမှာလဲ လုပ်ငန်းရှင် တွေအနေနဲ့ကလည်း ပွဲစားကိုမပေးပဲတကယ်အလုပ်လုပ်မယ့်သူကိုပေးရမယ်၊ လုပ်ငန်းရှင်တွေက ရေလုပ်သား တွေကို စည်းကမ်းသတ်မှတ်ချက်တွေပြောပြမယ်။ စနစ်တကျနဲ့ထိန်းချုပ်မယ်ပေါ့၊ တချို့ဆို လက်တောင်မပါ ဘူး။ မလုပ်နိုင်တဲ့သူပြန်လွှတ်ပေးဖို့၊ လုပ်နိုင်တဲ့သူကို လုပ်အားခအပြည့်အဝပေးဖို့၊ နောက် လုပ်ငန်းရှင်အသင်း တွေကတဆင့်လာသမျှရေလုပ်သားတွေကို စိစစ်ပြီးလက်ခံရမှာပေါ့၊ ခုလဲ အကောင်အထည်ဖော်နေပြီ” ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “ ရေလုပ်သားဆိုတာကတော့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်တဲ့အတွက် အလုပ်အကိုင် အတည်တကျမရှိပါဘူး၊ ငွေရလိုမှုတစ်ခုပဲရှိပါတယ်။ ပင်လယ်ပြင်အတွေ့အကြုံလဲမရှိပါဘူး။ ပွဲစားတွေရဲ့ နည်းမျိုးစုံနဲ့စည်းရုံးမှုနဲ့ အနယ်နယ်အရပ်ရပ်က ရောက်လာတယ်၊ စာချုပ်ပါစည်းကမ်းသတ်မှတ်ချက်တွေဖတ် ပြတယ်၊ သဘောတူညီပြီး လုပ်ကိုင်နိုင်ပါတယ်ဆိုမှ လှေပေါ်၊ ဖောင်ပေါ်တက်ပါတယ်။ လုပ်ငန်းရှင်တွေက ကြိုတင်ငွေတွေထုတ်ပေးတယ်၊ တချို့က တိုက်ရိုက်ရတာရှိတယ်။ ပွဲစားကနေတဆင့် ရတဲ့လုပ်သားတွေက တော့ ထိန်းသိမ်းခေါ်ယူထားတဲ့စရိတ်တွေနှုတ်တော့ ဘာမှမကျန်တော့ဘူး။ ပင်လယ်ပြင်တက်ချိန်မှာ ဘာမှ ခံစားခွင့်မရှိဘူး၊ ပဲ့နင်းတွေ၊ ဖောင်ဦးစီးတွေရဲ့ကြိမ်းမောင်းမှုကိုခံရတော့ ခုန်ဆင်းထွက်ပြေးကြတယ်၊ မသေပဲ တစ်ခြားကျားဖောင်မှာဆက်လုပ်ကြတယ်၊ သေပြီလို့သတင်းလွှင့်ထားပြီး လုပ်ငန်းရှင်တွေအပေါ် ပြန်ပြီးတောင်း တာတွေလဲရှိနေတယ် ” ဟု ယင်းဆွေးနွေးပွဲတွင် ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ကောင်းသော်လည်း လိုလားချက်မရောက်ကြောင်း၊ လိုအပ်သည့် အဖြေတစ်ခုရရှိရန်အတွက် ဦးဆောင်ဆွေးနွေးမည့်သူမရှိသဖြင့် အဖြေတစ်ခုမထွက်ခဲ့ကြောင်း၊ ရေလုပ်သား ရရှိဖို့အတွက် အေဂျင်စီတစ်ခုမဖြစ်မနေဆောင်ရွက်သင့်ကြောင်းနှင့် ဒေသခံလုပ်ငန်းကျွမ်းကျင်သည့်သူများ သာဖြစ်သင့်ကြောင်း၊ စီမံချက်ဆွဲကာစနစ်တကျ ဆောင်ရွက်သင့်ကြောင်း တက်ရောက်ဆွေးနွေးသူ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းကသုံးသပ်သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်အဆင့်ဌာနဆိုင်ရာ များ၊ လူကုန်တားစု(၉)၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့များတို့က အစုအဖွဲ့ (၁၀)ခုဖွဲ့စည်းကာ ခေါင်းစဉ် (၁၀)ခုဖြစ်သော အလုပ်သမားမှန်ကန်မှုရရှိရန်မည်သို့စည်းရုံးရှာဖွေမလဲ၊ ယုံကြည်ရသောပွဲစားကို ဘယ်လိုစိစစ်မွေးမလဲ၊ အလုပ်သမားဦးစီးဌာနမှ ရေလုပ်သားပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ လုပ်ငန်းရှင်တွေကို ဘယ်လိုစိစစ်ပေးမလဲ၊ ရေတက် ရေကျချိန်၍ အလုပ်လုပ်ရသဖြင့် အလုပ်ချိန်နှင့် အိပ်ချိန် ဘယ်လိုသတ်မှတ်ပေးမလဲ၊ ဖောင်(၁)ဖောင်လျှင် အလုပ်သမားဘယ်နှစ်ဦး ထားမလဲ၊ အလုပ်သမား များအား အလှည့်ကျစနစ်ဖြငင့် ကုန်းပေါ်လုပ်ငန်းတစ်လှည့်၊ ပင်လယ်ပြင်လုပ်ငန်းတစ်လှည့် စီစဉ်ပေးနိုင်လျှင် အဆင်ပြေမလား၊ ရေလုပ်သားများ၏လုပ်ခနှင့်ပတ်သက်၍ မည်ကဲ့သို့စီစဉ်ပေးနိုင်လျှင် အဆင်ပြေမလဲ၊ ကျန်းမာရေးနှင့်ပတ်သက်၍ မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်လျှင်အဆင်ပြေမလဲ၊ ဖောင်တွင်နေထိုင်စဉ် ကျန်ရှိ သောမိသားစုအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မလဲ တို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.