မော်လမြိုင်၊ ဇူလိုင် ၁၆

ကျိုက်ထီးရိုးတောင်ပေါ်က ရိုးရိုးလေးဟိုတယ်ရှိအခန်းပိုများအား တလအတွင်းဖျက်ရမည့်ကိစ္စအပေါ် ပိုင်ရှင်က အသနားခံစာတင်ထားသည့်အတွက် ပြည်ထောင်စုအဆင့်မှ ဆုံးဖြတ်ချက်အတိုင်း ပြည်နယ်အစိုးရကလိုက်နာ သွားမည်ဟု မွန်ပြည်နယ်အစိုးရရုံးမှသိရသည်။

တောင်ပေါ်ရှိ အခန်း(၁၀၆)ခန်းကို လတ်တလောတွင် ချိတ်ပိတ်ထားမည်ဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်သို့အသနားတင်ထားသည့်အတွက် ပြည်ထောင်စုဆုံးဖြတ်သည့်အတိုင်း လိုက်နာသွားမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောသည်။

“သူကအခုဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အဆင့်အထိအသနားခံတင်ထားတယ်။ သမ္မတရော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရောဆိုတော့ အဲဒီကဘာရလာဒ်မှမထွက်အချိန်မှာ ကျနော်တို့က ဒါကိုဘယ်လိုပဲဖြစ်ဖြစ် လုပ်ထုံးလုပ်နည်းတွေကြည့်ရဦးမယ်လေ။ အဲဒီအခြေအနေကိုစောင့်နေတယ်။ အပေါ်ကတခုခု ရလာဒ်ထွက် လာရင် အဲဒီအတိုင်းကျနော်တို့စဉ်းစားမယ်” ၎င်းကဟုပြောသည်။

ရိုးရိုးလေးဟိုတယ်ပိုင်ရှင် ဦးနေထက်သိန်းနိုင်က ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျိုက်ထီးရိုးတောင်ပေါ်မှာ အစိုးရ၏ ခွင့်ပြုချက်ထက် အခန်းပေါင်း ၁၀၀ ကျော် ဆောက်ထားသည့် အခန်းများကို ဆက်လက်ထားရှိခွင့်ပေး နိုင်ရန် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံစာ တင်ပြခဲ့သည်။

တောင်ပေါ်တွင် တည်းခိုဆောင်တည်ဆောက်ထားသည်နှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက စစ်ဆေး သည့်အချိန်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်ထားသည့်အခန်း ၁၀၆ခန်း ရှိပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနက ရိုးရိုးလေးကုမ္ပဏီကို တည်းခိုခန်းအတွက် အခန်း ၁၃၅ ခန်းသာ ဆောက်လုပ်ခွင့်ပြုထားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဇွန်လ ၂၇ ရက်ကတွင် ကျင်းပသည့် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျိုက်ထီးရိုးတောင်ပေါ်တွင် အစိုးရခွင့်ပြုချက်ထက်ပိုပြီး တည်ဆောက်ထားသည့် ရိုးရိုးလေးကုမ္ပဏီ၏ တည်းခိုဆောင်ထဲမှ အခန်းတစ်ရာ
ကျော်ကို တစ်လအတွင်း အပြီးဖျက်ပေးရမည်ဖြစ်ကြောင်းနှင့် လိုက်နာရန် ပျက်ကွက်လျှင်လုပ်ငန်း အားလုံးကို ရပ်ဆိုင်းရန်ညွှန်ကြားသွားမှာဖြစ်ကြောင်း ပြောခဲ့သည်။

အစည်းအဝေးကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင် နဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး တို့လည်း တက်ရောက်ခဲ့ကြပြီး ဇူလိုင် ၂၇ရက်ရှိလာသည့်အတွက် တစ်လပြည့်ခဲ့ပြီးဖြစ်သည်။

ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်ပေါင်း ၂ သန်းကျော် လာရောက်ခဲ့ပြီး စေတီတော်ဘဏ္ဍာငွေကျပ် ၁ ဒဿမ ၅ ဘီလီယံရှိကြောင်းသိရသည်။

သတင်း – ချမ်စွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.