တိုင်းရင်းသားစာပေ သင်ကြားခွင့်ဆိုင်ရာ မူဝါဒ တိတိကျကျ သတ်မှတ်ရန် လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ တစ်ဦးက အစိုးရကို တိုက်တွန်းလိုက်သည်
အိချယ်ရီအောင်
ရန်ကုန် (Myanmar Now) – အစိုးရက တိုင်းရင်းသားစာပေ သင်ကြားခွင့်ဆိုင်ရာ မူဝါဒ၊ အသုံးစရိတ်များနှင့် ပတ်သက်ပြီး မူဝါဒ တိတိကျကျ သတ်မှတ်ရန်၊ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေး ပိုမို ဆောင်ရွက်ရန် လိုအပ်နေကြောင်း ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းက ပြောသည်။
၆၆ နှစ်အရွယ် ဦးခွန်မောင်သောင်းသည် ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ နှစ်ကြိမ်ဆက်တိုက် ရွေးကောက်ခံထားရသူဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီတွင် ဒုဥက္ကဋ္ဌ တာဝန် ယူထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now က ဆက်သွယ်မေးမြန်းစဉ် ဦးခွန်မောင်သောင်းက ငြိမ်းချမ်းရေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေး၊ ယဉ်ကျေးမှု ကဏ္ဍများအကြောင်း ပြောပြထားသည်။
မေး – ဦးခွန်မောင်သောင်းတို့ ကော်မတီက တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်နေပါသလဲ။
ဖြေ – တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုကိစ္စတွေ လုပ်ဆောင်ပေးနေပါတယ်။ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွှတ်မှုဆိုတဲ့ အပိုင်းကိုလည်း ဦးတည်ပြီးတော့ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ကော်မတီ အနေနဲ့ တိုင်းရင်းသားဒေသတွေသွားရောက်ပြီး လေ့လာဖို့ အတွက်ကိုလည်း လွှတ်တော်မှာ တင်ပြထားပါတယ်။ အဲဒီလိုသွားရောက်မှပဲ တိုင်းရင်းသားဒေသတိုင်းရဲ့ လိုအပ်ချက်တစ်ခုချင်းကို တိတိကျကျ သိရှိနိုင်မှာပါ။ တိုင်းရင်းသားဒေသ မဖွံ့ဖြိုးသေးတဲ့နေရာတွေ ဖွံ့ဖြိုးအောင်လုပ်ဖို့အတွက် ဘတ်ဂျက်တွေ ကျအောင်လည်း ကျွန်တော်တို့ကော်မတီက လွှတ်တော်မှာ တင်ပြ ဆွေးနွေးသွားမှာပါ။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကလည်း အခု အသစ်ဖွဲ့စည်းထားတဲ့အခါကျတော့ ဝန်ကြီးနဲ့ ချိတ်ဆက်မိဖို့ကလည်း အထူး လိုအပ်နေသေးတာပေါ့။ လုပ်ရကိုင်ရတာ တချို့နေရာလေးတွေကလည်း အချိတ်အဆက် မမိတာမျိုးလေးတွေ ရှိပါတယ်။ နောက်ပိုင်းတော့ အားလုံး အခြေကျလာမှာပါ။ အဲဒီအခါကျရင် တိုင်းရင်းသားကဏ္ဍကို ပိုပြီး မြှင့်တင်လာနိုင်လိမ့်မယ်လို့ မြင်ပါတယ်။
မေး – တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ကော်မတီရဲ့ လုပ်ငန်းတချို့အကြောင်း ပြောပြပေးပါ။
ဖြေ – အစိုးရကျောင်းတွေမှာ တိုင်းရင်းသားစာပေတွေသင်ကြားတဲ့အခါမှာ အစိုးရဆီက အထောက်အပံ့ လုံလုံလောက်လောက်ရရှိဖို့ကို အဓိကထား လုပ်ဆောင်နေပါတယ်။ ကျောင်းတွေမှာ တိုင်းရင်းသားစာပေ သင်ကြားခွင့်ကို အစိုးရဟောင်းလက်ထက် ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ ရရှိခဲ့တာပါ။ ကျောင်းချိန်အတွင်းမှာ သင်မှာလား၊ ကျောင်းချိန်ပြင်ပမှာ သင်မှာလား ဆိုတာကို အစိုးရအနေနဲ့ မူဝါဒ ပြတ်ပြတ်သားသား မချထားဘူး။ တိုင်းရင်းသားစာပေ သင်ကြားမှုကို အစိုးရက ထောက်ပံ့ပေးမယ်ဆိုရင်လည်း နှစ်စဉ်ဘတ်ဂျက်မှာ ခွဲဝေ ချထားပေးသင့်ပါတယ်။ အခုက ပုံမှန်ဘတ်ဂျက်မရှိတော့ သင်ရမလို၊ မသင်ရမလို။ သင်ကြားမှုအပိုင်းမှာ တော်တော်လေး ကသိကအောင့် ဖြစ်တာ တွေ့ရပါတယ်။ တိုင်းရင်းသားစာပေ သင်ကြားတဲ့ ဆရာမ အနေနဲ့ သူသင်ကြားတဲ့ လတိုင်း၊ လစာမရဘဲ နွေရာသီ ကျောင်းပိတ်ရက်ရောက်မှ လစာရတယ် ဆိုတာကလည်း သူ့အတွက် အဆင်မပြေပါဘူး၊ တချို့ကျတော့ နှစ်လ၊ သုံးလပဲ သင်ပြီး ထွက်သွားတာရှိတယ်။ တိုင်းရင်းသားစာပေသင်ကြားခွင့်နဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဘယ်ပြည်နယ်မှာ ဘယ်လူမျိုးအုပ်စု၊ ဘယ်တိုင်းရင်းသားစာပေက ဘယ်နှစ်ကျောင်း သင်ကြားခွင့်ရှိတယ်ဆိုတဲ့ မူဝါဒကအစ တိတိကျကျရှိဖို့ လိုပါတယ်။
မေး – ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ပအိုဝ်း ဆရာဖြစ်သင်တန်းအကြောင်း နည်းနည်း ပြောပြပေးပါ။
ဖြေ – ပင်လောင်းမြို့မှာ ပအိုဝ်း စာပေယဉ်ကျေးမှုအဖွဲ့၊ စာပေပြန့်ပွားရေး သံဃာအဖွဲ့၊ လူငယ်အဖွဲ့တွေရယ် ပေါင်းပြီးတော့မှ ဆရာဖြစ်သင်တန်းတွေ ဖွင့်ထားပေးတာ ရှိပါတယ်။ ဆရာတွေကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကျောင်းတွေကို ပို့ပေးပါတယ်။
မေး – တချို့ဒေသမှာ တိုင်းရင်းသားပေါင်းစုံရှိတာဆိုတော့ တိုင်းရင်းသားစာပေကို ဘယ်လိုပုံစံမျိုးနဲ့ သင်ကြားနေပါသလဲ။
ဖြေ – ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကျောင်းတွေမှာ ပအိုဝ်းလူမျိုးတွေပိုများတယ်ဆိုရင် ပအိုဝ်း စာပေကို သင်ကြမှာပဲ။ ဆိုလိုတာက စာသင်ခန်းထဲမှာ လူများစုရှိတဲ့ တိုင်းရင်းသားစာပေကို သင်ကြရတယ်ဆိုတဲ့ သဘောပါပဲ။ သူအခြေခံထားတဲ့ မြို့နယ်၊ သူအခြေခံထားတဲ့ စာပေပေါ် မူတည်ပြီး သင်ကြရတာပါ။
မေး – တိုင်းရင်းသားအရေး ဆောင်ရွက်ရာမှာ ဘယ်ကဏ္ဍကို ဦးစားပေး လုပ်ဆောင်သင့်ပါသလဲ။
ဖြေ – တိုင်းရင်းသားအများစုနေထိုင်တဲ့ ပြည်နယ်၊ ဒေသတွေကို ကိုယ်တိုင် ရောက်ဖူးရင် ဘယ်လောက်တောင် ဖွံ့ဖြိုးမှု နောက်ကျနေပြီလဲ ဆိုတာကို သိမှာပါ။ ဘယ်လိုကိစ္စကို ဦးစားပေးပြီး လုပ်ဆောင်သင့်လဲဆို တိုင်းရင်းသား ဘာသာစကားတိုင်း၊ ယဉ်ကျေးမှုတိုင်းကို ဖော်ထုတ်ပေး၊ မြှင့်တင်ပေးဖို့ လိုပါတယ်။ မဖွံ့ဖြိုး မတိုးတက်သေးတဲ့ ဒေသတွေကို ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး။ လုပ်ဆောင်ပေးရမယ့် ကဏ္ဍတွေ အများကြီး ရှိပါတယ်၊ ဥပမာပြောရရင် လမ်း၊ တံတား မရှိ၊ ကျေးရွာ၊ အုပ်စုတိုင်းမှာ စာသင်ကျောင်း မရှိတဲ့ ဒေသတွေ အများကြီးပါပဲ။ တိုင်းရင်းသားတွေရဲ့ဘဝက မဖွံ့ဖြိုး၊ မတိုးတက်ဘဲ ဒီအတိုင်း ရှိနေတာပါ။ ပြည်မမှာ တိုးတက်သလို တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသမှာလည်း တိုးတက်ဖို့ ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ကဏ္ဍအသီးသီး တိုးတက်အောင် အစိုးရအနေနဲ့ မြှင့်တင်ပေးရပါမယ်။
မေး -ငြိမ်းချမ်းရေးလုပ်ငန်းလုပ်ဆောင်နေပေမဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကို ဘယ်လိုမြင်ပါသလဲ။
ဖြေ – NCA (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်)မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ၈ ဖွဲ့ ရှိပါတယ်။ (တပ်မတော်က) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့တော့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်ဆိုတာ မကြားရသလောက်ပါပဲ။ အခု မကြာခဏ ဖြစ်နေတဲ့ တိုက်ပွဲတွေကလည်း လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေပါပဲ။
မေး – ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကော်မတီက ဘာတွေများ လုပ်ဆောင်နေပါသလဲ။
ဖြေ – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေး ကော်မတီ အောက်မှာ ကော်မတီနှစ်ခု ထပ်ဖွဲ့ပါတယ်။ ကော်မတီ (၁) က မူဘောင်ရေးဆွဲခြင်း နှင့် ပြန်လည်သုံးသပ်ခြင်းပေါ့။ အဲဒီထဲမှာက NCA လက်မှတ်ရေးထိုးထားပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ရယ် ပါတယ်။ ကော်မတီ (၂) မှာကျတော့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တွေ့ဆုံညှိနှိုင်း ပါဝင်လာဖို့၊ သွားရောက်ပြီး ဆွေးနွေးညှိနှိုင်းတာတို့ အဲဒီတာဝန်ကို ဆောင်ရွက်ရတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ကျွန်တော်ကတော့ ကော်မတီ (၁) မှာ ပါဝင်တာပါ။
မေး – ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်က ဘယ်အဆင့်အထိ ရောက်ပြီလဲ။
ဖြေ – လွှတ်တော်က အများကြီးလုပ်ဆောင်ရမယ့် အဆင့်တော့ မရောက်သေးပါဘူး၊ ညီလာခံ ပြီးတဲ့ အချိန်ကျမှာပဲ လွှတ်တော်အခန်းကဏ္ဍက ပိုပြီးတော့ ပေါ်လွင်လာမှာပါ။ အခုကတော့ မူဘောင်ရေးဆွဲတဲ့ အဆင့်ပဲ ရှိသေးတယ်ဆိုတော့ အလုပ် မများသေးပါဘူး။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကို ပညာရှင်တွေနဲ့ ညှိနှိုင်းပြီးရေးဆွဲထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ မူဘောင်ရေးဆွဲတဲ့အဆင့်ဆိုတာ တကယ်ကို အရေးကြီးတဲ့ အဆင့်ပါပဲ။ နောက်ပိုင်းမှာ ဒီမူဘောင်အပေါ်မှာလိုက်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ။