ပေါင်၊ ဇူလိုင် ၁၃

ဘေးတွဲဆိုင်ကယ်တစ်စီးနှင့် သစ်တောဝန်ထမ်းမောင်းလာသော ဆိုင်ကယ်တစ်စီးတို့မျက်နှာချင်းဆိုင် တိုက်မိကြရာမှ လူတစ်ဦးသေဆုံးသွားပြီး ဆိုင်ကယ်မောင်းလာသူသစ်တော ဝန်ထမ်းမှာလည်း ဦးခေါင်းနှင့် ရင် ဘတ်တို့တွင် စိုးရိမ်ရသည့်ဒဏ်ရာများရရှိကာ ဆေးရုံတွင်ကုသနေရသောဖြစ်ရပ်တစ်ခု ပေါင်မြို့နယ်တွင် ဇူလိုင်(၁၃)ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သထုံမြို့ဘက်မှ ပေါင်မြို့ဘက်သို့ ဦးမောင်မောင်ခင် ၅၄ နှစ် မောင်းလာသော ၂ဟ/၂၄၄၆ ဘေးတွဲ ဆိုင်ကယ်အပြာရောင်နှင့် သထုံမြို့ဘက်သို့ ပေါင်မြို့သစ်တောဦးစီးဌာနမှ တောအုပ်ကျော်သူဌေး မောင်းနှင်သွားသည့် HCH အမျိုးအစား ၄၇ယ/၇၆၃၅၁ ဆိုင်ကယ်တို့ ဇူလိုင်လ(၁၃)ရက်နေ့ မနက်(၁၀)နာရီခွဲ အချိန်က ပေါင်မြို့နယ်ပန်းကုန်းကျေးရွာ အမှတ်(၂)ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမ မိုင်တိုင်အမှတ် ၁၆၅/၀ အနီးတွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ဘေးတွဲမောင်းနှင်လာသူမှာ နေရာတွင်ပင်သေဆုံးသွားပြီး ဆိုင်ကယ်မောင်းနှင်လာသူမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

“ဆိုင်ကယ်သမားကတော့ ခေါင်းရဲ့ နောက်စေ့မှာပေါက်ပြဲဒဏ်ရာရထားပြီး ရင်ဘတ်အောင့်နေတယ် လို့ သူ့ကိုမေးကြည့်ပြီးသိရတယ်။ ဘေးတွဲဆိုင်ကယ်မောင်းသမားကတော့သေနေပြီ။ ခေါင်းမှာထိခိုက်မိထားပုံ ရတယ်”ဟု ယာဉ်တိုက်မှုဖြစ်ပွားစဉ်မျက်မြင်တွေ့ခဲ့ရသူ ဦးအောင်ဇော်လင်းကပြောပြခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုအား ရဲအုပ်တင့်လွင်က တရားလိုပြုလုပ်တိုင်တန်းချက်အရ သေဆုံးသူ ဦးမောင် မောင်ခင် ၅၄နှစ် (ဘ) ဦးဝင်းဖေ ဇင်းကျိုက်ရပ်ကွက် ဇင်းကျိုက်မြို့နေသူနှင့် ဆိုင်ကယ်မောင်းသူ ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ကျော်သူဌေး ၃၀ နှစ်တို့ကို ပေါင်ရဲစခန်း ယာဉ် (ပ) ၄၄/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ (က)/၃၃၈တို့အရ အမှုဖွင့်လှစ်ကာအမှုစစ်အဖြစ် ရဲအုပ်တင့်လွင် ကစစ်ဆေးနေကြောင်း သိရသည်။

သတင်း – ဝရဇိန်(ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.