မော်လမြိုင်၊ ဇူလိုင် ၇

လာမည့် သြဂုတ်လ နောက်ဆုံးအပတ် ကျင်းပရန်လျာထားသည့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံတွင် မွန်ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့်အသံ၊ သဘောထားများ တင်ပြရန်အတွက် သဘောထားအမြင်များ ကောက်ယူသွားရန်ဆုံးဖြတ်ခဲ့ကြောင်း မွန်ဒေသအတွင်းရှိ မွန်လူမှုအဖွဲ့အစည်းများ တို့က ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတို့တွင် မော်လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

mon-civil-sociAaa

“ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ မွန်လူထုများထံမှ မွန်နိုင်ငံရေးပါတီများထံမှ မွန်လူမှုအဖွဲ့အစည်းများထဲမှ သဘောထားအမြင်များ ကောက်နှုတ်ရယူမယ်၊ ကွင်းဆင်းပြီး သူတို့ ရဲ့အသံများကို ရယူမယ်၊ လုပ်ငန်းအဖွဲ့ တွေ ဖွဲ့စည်းလုပ်ဆောင်သွားမယ်၊ ပြီးရင် ပူးပေါင်းဆောင်ရွက်အဖြေထုတ်တင်ပြသွားဖို့ ကိုယ်စားလှယ်များအား ရွေးချယ်တာတွေကို ဒီပွဲမှာ လုပ်ဆောင်ခဲ့တယ်” ဟု ကျင်းပရေးကော်မတီဝင် ကိုမင်းအောင်ထူးက သံလွင် တိုင်မ်းသတင်းဌာနသို့ ပြောပါသည်။

အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီမှာလည်း ယင်းတို့၏ သဘောထားများကိုလာရောက်ရှင်းပြခဲ့ ကြောင်း ဗဟိုကော်မတီဝင် နာဲဟံသာ ဗိုင်ခိုင်က ယခုလိုပြောသည်။

“ကျွန်တော်တို့ပါတီကတော့ ပင်လုံပေါ့။ ၂၁ ပင်လုံပဲပြောပြော၊ ငြိမ်းချမ်းရေး ညီလာခံပဲဆိုဆို တိုင်းရင်း သားများရဲ့ အခွင့်အရေးများ ရှုံဆုံးခြင်းကြောင့် ဖြစ်ပေါ်နေရတဲ့ ပဋိပက္ခတွေကို နိုင်ငံရေး စကားဝိုင်းမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြတာပဲလို မြင်တယ်။ အဲဒါကိုလည်း လက်ခံပါတယ်။ ဒီပွဲမှာက အဓိကပေါ့လေ မွန်အမျိုး သားတို့က ၂၁ ပင်လုံမှာ မွန်အမျိုးသာများတို့၏ အသံကို တစ်သံတည်းဖြစ်အောင် ဖော်ထုတ်ပြီး တင်ပြရန် အတွက် လုပ်တဲ့ပွဲမှာ ကျနော်တို့ ပါတီကလည်း ပါတီရဲ့ အမြင်မူဝါဒ နှင့်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး ငြိမ်းချမ်းရေးအပေါ် သဘောထားများ လုပ်ဆောင်နေမှုများကို လာရောက်ချပြခြင်းဖြစ်သည်” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် ညီလာခံ၌ တိုင်းရင်းသားလူမျိုးများ၏ အကျိုးကို တင်ပြနိုင်ဖို့ ပါဝင်ခွင့်ရသလောက် ပါဝင်သွားရန်၊ ပြည်နယ်အဆင့် parallel forum များတွင် ပါဝင်ချိတ်ဆက်လုပ်ဆောင်သွားရန်၊ ငြိမ်းချမ်းရေးနှင့် ဆက်စပ်သော အမျိုးသမီးကဏ္ဍ၊ လူငယ်နဲ့ မူးယစ်ဆေးဝါးကဏ္ဍ၊ မြေယာနဲ့ သယံဇာတကဏ္ဍ၊ လူ့အခွင့်အရေး၊ IDP နဲ့ Refugee ကဏ္ဍ၊ အရပ်သားအပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးကဏ္ဍ၊ အကြီးစားရင်းနှီးမြှုပ်နှံမှုကဏ္ဍ များတွင်လည်း ဆွေးနွေးသွားရန်၊ နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စရပ်များအတွက် အရပ်ဘက်အဖွဲ့များ၏ ရပ်တည် ချက်နှင့် အကြံပြုတိုက်တွန်းချက်များပေးပို့သွားရန်၊ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို အခြေခံပြီး ဖွဲ့စည်းထား ရှိသင့်သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံ၊ အာဏာခွဲဝေမှုကိစ္စ၊ ပြည်ထောင်စုတပ်မတော်ကိစ္စများ အတွက် မူဝါဒအကြမ်းများ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း၊ အကြိုပြင်ဆင်သော အစည်းအဝေး၏ ကျင်းပရေးကော်မတီ တွင် ပါဝင်တက်ရောက်ရန် မွန်အရပ်ဘက်ကိုယ်စားလှယ် ၃၀ ရွေးချယ်ခဲ့ကြောင်း ကျင်းပရေးကော်မတီ အဖွဲ့ ဝင် ကိုမင်းအောင်ထူးက ဆွေးနွေးပွဲဒုတိယနေ့အပြီးတွင် ဆုံးဖြတ်ချက်များကို မီဒီယာသို့ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်တွင်းမွန်နိုင်ငံရေးပါတီများဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေးစီပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသမီးပါတီ(မွန်) တို့မှ ပါတီခေါင်းဆောင်များ တနသာၤရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းသို့ မွန် CSOs အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော် တက်ရောက်ဆွေးနွေခဲ့ပြီး မွန်နိုင်ငံရေးပါတီများထံသို့ Technical Person အဖွဲ့တွင် ပါဝင်ကူညီရန်နှင့် ဆက် လက်ကျင်းပရန်ရန်ရှိသော ဒေသအဆင့် ဖိုရမ်များအား ကြီးကြပ်အကြံပြုလုပ်ဆောင်ရန်အတွက် ကိုယ်စားလှယ် အယောက်ပေါင်း ၃၀ ဦးကိုလည်း ရွေးချယ်တာဝန်ပေးအပ်ခဲ့သည်ဟု သိရပါသည်။

သတင်း – ပွင့်သစ်မွန် (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.