ရေး ၊ ဇူလိုင် ၅

ရေးမြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ အမှုကြီး ၉ မှုဖြစ်ပွားခဲ့ပြီး မှုခင်းအများဆုံးဖြစ်ပွား သည့်ဒေသအား အဓိကထားကာ မှုခင်းကျဆင်းရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ရေးမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောသည်။

Ye-law-influ

“ မှုခင်းဖြစ်ပွားမှုအများဆုံးအနေနဲ့ ပင်လယ်ပြင် ကျားတန်းပေါ့၊ ရေလုပ်သားတွေက ရွှေ့ပြောင်းလုပ်သားတွေ များတယ်။ ပင်လယ်ပြင်ရောက်တဲ့အခါမှာ လုပ်ငန်းမကျွမ်းကျင်တော့ အဲဒီမှာ ဖောင်ဦးစီးနဲ့ စကားများကြတယ်၊ အခန့်မသင့်လို့ အငြိုးအတေးတွေဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားကြတယ်၊ အဲဒီနေရာကို ဟော့စပေ့ါဧရိယာလို့သတ်မှတ် ပြီးတော့ မှုခင်းကျဆင်းရေးအတွက် ရေးမြို့နယ်ရဲတပ်ဖွဲ့ရယ်၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ရယ်၊ လူကုန်ကူးမှု အဖွဲ့ရယ်၊ ယာဉ်စည်းကမ်းအဖွဲ့ရယ်ကတော့ တစ်လကကို အနည်းဆုံး(၇)ကြိမ်လောက်တော့ အဓိကထားပြီး ရေလုပ်ငန်းရှင်တွေ၊ ရေလုပ်သားတွေနဲ့ထိတွေ့ပြိး ပညာပေးဟောပြောမှုတွေ အမြဲမပြတ်ဆောင်ရွက်ခဲ့တယ်” ဟု ရဲမှူးမြင့်သော်က ပြောသည်။

ယခုနှစ် ဇွန်လအကုန်အထိ အမှုကြီး (၁၀)မျိုးတွင်ပါဝင်သည့် အမှုကြီး ၉ မှုဖြစ်ပွားမှုအနေဖြင့် လူသတ်မှု ၅ မှု၊ လုယက်မှု ၁ မှု၊ မုဒိန်းမှု ၃ မှု တို့ဖြစ်ပွားခဲ့ပြီးတရားခံအားလုံး ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ ထို့ပြင် အခြား အမှု(၁၀)မျိုးတွင် ၅၁ မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ခိုးမှု(၁)မှု၊ လုယက်မှု(၁)မှု၊ ရိုးရိုးခိုးမှု(၃)မှု၊ ရိုးရိုးနာကျင်မှု(၆)မှု၊ နာကျင်မှု(ယာဉ်) (၁၂)မှု၊ မီးလောင်မှု(၄)မှုနှင့် အခြားအမှု(၂၄)မှုတို့ဖြစ်ပွားခဲ့သည်။ ကြိုတင်ကာကွယ်မှု(၁၁) မျိုးတွင် ၈၄ မှုဖြစ်ပွားခဲ့ပြီး လက်နက်ပုန်း(၅)မှု၊ လောင်းကစား၂/၃ လုံးထီ (၁)မှု၊ မူးယစ်ဆေးဝါးမှု (၁၉)မှု၊ ယစ်မျိုး(၆)မှု၊ ကျင့် ၅၄ (၄)မှု၊ ရဲအက်(၁၂)မှု၊ မော်တော်ယာဉ်အက်(၃၆)မှု ဖြစ်ပွားခဲ့သည်ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

“ ရက်(၁၀၀)အတွင်းမှာတော့ ပြည်သူ့အကျှိုးပြုလုပ်ငန်းတွေအနေနဲ့ (၇)ကြိမ်ဆောင်ရွက်ခဲ့တယ်၊ ဘုရားဝင်း၊ ဆေးရုံ၊ ကျောင်းဝင်းတွေမှာပေါ့၊ ရဲတပ်ဖွဲ့ရဲ့ အဓိကလုပ်ငန်းက ဝန်ဆောင်မှုကိုရှေးရှုတဲ့လုပ်ငန်းကို လုပ်ကိုင် တယ်။ အဓိကကတော့ အိမ်တိုင်ရာရောက်ရဲလုပ်ငန်းစနစ်ဆောင်ရွက်ခဲ့တယ်။ မှုခင်းကျဆင်းရေးအတွက်တော့ အမှုကြီးတွေလျော့နည်းကျဆင်းလာဖို့ကတော့ ပြည်သူတွေပူးပေါင်းပါဝင်ဖို့လည်းလိုအပ်ပါတယ်။ မှုခင်းဆိုင်ရာ အသိပေးခြင်းတွေကိုလည်း ပြည်သူတွေနဲ့ ထိတွေ့ဆောင်ရွက်နေတယ် ” ဟု ရဲမှူးမြင့်သော်က သံလွင်တိုင်းမ် သို့ ပြောကြားသည်။

ရေးမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းလျော့နည်းကျဆင်းရေးအတွက် ပြည်သူများနှင့်ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်ပေးရန် ပြောကြားလိုကြောင်း ရေးမြို့နယ်မဲဆန္ဒနယ်မှ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးချစ်တင်က ဆိုသည်။

၂၀၁၅ ခုနှစ်အတွင်း ရေးမြို့နယ်တွင် မှုခင်းပေါင်း ၃၃၆ ခုဖြစ်ပွားခဲ့ပြီး အမှုကြီး ၁၉ မှု၊ အခြားအမှု ၁၂၉ မှုနှင့် ကြိုတင်ကာကွယ်မှု ၁၈၈ ခုပါဝင်ကြောင်း၊ အခြားအမှု ၁၂၉ မှုတွင် ခိုးမှုများ၊ နာကျင်စေမှုများ၊ မီးပေါ့ဆမှုများ၊ ယာဉ်တိုက်မှုများပါဝင်ပြီး ကြိုတင်ကာကွယ်မှု ၁၈၈ မှုတွင် လက်နက်ပုန်းမှု၊ ဖဲ၊ လောင်းကစားမှုများ၊ မူးယစ် ဆေးဝါးမှု၊ ယစ်မျိုးနှင့် ပြည့်တန်ဆာမှုတို့ပါဝင်ကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

သတင်း – ရဲနိုင်ဦး (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.