မုဒုံ၊ ဇူလိုင် ၅

မုဒုံမြို့တွင် ဒေသထွက် ဝါးပိုးဝါးရှားပါးစပြုလာခြင်းနှင့်အတူ ဝါးပိုးဝါးတစ်လုံး(တစ်ပင်)၏ဈေးနှုန်းလည်း ယခင်နှစ်တွေနှင့်မတူ သိသိသာသာဈေးကြီးမြင့်လာကြောင်းဒေသခံများထံမှသိရှိရသည်။

bamboo-mon-state

“မုဒုံမှာ ဝါးပိုးဝါးရှားလာတာက ရေးဘက်က ကျားဖောင်တွေရဲ့ဝါးလိုအပ်ချက်ကြောင့် ရွာတွေထိလာရောက်ဝယ်ယူနေတဲ့အချက်ကအဓိကပဲ။ နောက်တစ်ချက်က ဝါးပိုးဝါးအပင်သစ်(ပင်စို့)တွေကို မျှစ်စိမ်းအဖြစ်လည်းကောင်း၊ ပင်စို့အလိုက်လည်းကောင်း တူးဆွရောင်းချနေတာလည်းပါတယ်ပေါ့။ ဝါးပိုးဝါးတစ်ရုံရဖို့ဆိုတာ ကလည်း နှစ်တွေအကြာကြီးစောင့်ရတယ်၊ အချို့ကလည်းဝါးပိုးဝါးရုံတွေကိုရှုပ်တယ်ဆိုပြီး တူးဆွဖယ်ထုတ်လိုက်တာလည်းပါတယ်ပေါ့။ ဝါးရုံကလည်းမြေနေရာတော်တော်ယူတယ်လေ”ဟုမြို့မ(၂)ရပ်ကွက်မှဦးမဲတူးကပြောသည်။

ယခင်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဝါးပိုးဝါးရုံများကိုအတွေ့များခဲ့သော်လည်း လွန်ခဲ့သောဆယ်စုနှစ်အတွင်း ဝါးရုံပင်များတစ်စတစ်စနည်းပါးလာကြောင်းကိုလည်းဒေသခံများကဆိုကြသည်။

မွန်လူမျိုးအများစုသည် ယခင်ကခြံဝန်းကျယ်ကြီးများဖြင့်နေထိုင်ကာခြံအနောက်ဘက်ရှိမြေများပေါ်တွင်ဝါးပိုးဝါးပင်များနှင့်အတူ ကြခတ်ဝါး၊ တစ်ပင်တိုင်ဝါး၊ နှီးဝါးများကိုစိုက်ပျိုးထားပြီး လယ်ယာအတွက်နှင့်နေအိမ်အတွက် လိုအပ်သောတောင်း၊ ခြင်း၊ နှီး၊ ပလိုင်းများပြုလုပ်သလို နွားတင်ကုတ်၊ကောက်ရိုးရုံ၊ စပါးကျီအကာအရံ အပြင် ဝင်းခြံလုံခြုံရေးအရံအကာအဖြစ်ပြုလုပ်ကြကြောင်းလည်းသိရှိရသည်။

“ရှေးလူကြီးတွေက အရင်ကခြံဝန်းထဲမှာဝါးပင်တွေစိုက်တယ်ဆိုတာက ဝါးရောင်းတဲ့ဆိုင်တွေမရှိဘူးလေ၊ ကိုယ်အသုံးလိုတဲ့ဝါးကိုကိုယ်တိုင်စိုက်ပြီးအသုံးပြုကြတာများတယ်၊ လယ်သမားအများစုခြံတွေကပဲ ဝါးတွေစိုက်ကြတာများတယ်၊ အခုခေတ်ကဝါးရုံတွေကိုတွေ့ချင်ရင်တောဘုန်းကြီးကျောင်းတွေကိုသွားပြီးကြည့် ရမဲ့အခြေအနေရောက်နေပြီ”ဟု မြို့မ(၃)ရပ်ကွက်မှ ဦးဖိုးတိုကပြောသည်။

ဝါးပိုးဝါးကို လွန်ခဲ့သော(၃)နှစ်ခန့်မှစပြီး ရေးနယ်ဘက်မှကျားဖောင်များနှင့် ငါးလှန်းစင်များပြုလုပ်ရန်အတွက်လာရောက်ဝယ်ယူခြင်းများရှိကြောင်းလည်း သိရသည်။

“ဒီနှစ်က ဝါးပိုးဝါးတော်တော်ကိုဝယ်ရခက်လာတယ်။ အရင်ကလောက်မလွယ်တော့ဘူး။မြို့ပေါ်မှာက မရှိသလောက်ကိုဖြစ်လာတယ်။ လယ်တဲထိုးဖို့ဝါးပိုးဝါးကိုညောင်ကုန်းကမိတ်ဆွေကကူညီလို့လယ်တဲနဲ့ချောင်း ကူးတံတားဆောက်ဖြစ်ခဲ့တယ်”ဟု ဘဲရမ်းကွင်းမှ လယ်ပိုင်ရှင်ကွန်ဗလိုင်ကပြောသည်။

မုဒုံတွင် ဝါးပိုးဝါးတစ်လုံးအရွယ်အစားအလိုက်ကျပ်(၁၅၀၀)မှ(၃၀၀၀)ထိဈေးရှိကြောင်းနှင့်မျှစ်စို့ အကြီး၊ အသေးအလိုက်ကျပ်(၅၀၀)မှ(၁၀၀၀)ကျော်ထိဈေးရှိကြောင်း၊ မျှစ်စိမ်းတစ်ပိသာကျပ်(၁၀၀၀)ထိဈေးရှိကြောင်း လည်းသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.