ရေး ၊ ဇွန် ၂၈

လိုအပ်သည့် ကျောင်းသားကျောင်းသူများအား ပံ့ပိုးကူညီထောက်ပံ့လှူဒါန်းမည့် ရေးမြို့နယ် NLD ၏မျှဝေခြင်းအစီအစဉ်အရ ယခုလ တတိယပတ်မှစတင်ကာ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရေးမြို့နယ်NLD တာဝန်ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

Untitled-3

ယင်းအစီအစဉ်အရ ရေးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၅၀)ကျော်မှ လိုအပ်ချက်များရှိနေသည့် ကျောင်းသား /သူများအား စာရေးကိရိယာများ ထောက်ပံ့ကူညီလှူဒါန်းပေးနေခြင်းဖြစ်ကြောင်း ရေးမြို့နယ် NLD အတွင်း ရေးမှူး ဦးအောင်ကျော်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

“ ကောက်ခံရရှိလာတဲ့စာရင်းအရ လိုအပ်ချက်ရှိနေတဲ့ ကျောင်းသားတစ်ဦးစီကို စာအုပ်(၄)အုပ်၊ ခဲတံ/ပေတံ/ ဘောလ်ပင်/ချွန်စက်/ခဲဖျက်(၁)ခုစီနဲ့ ကျောင်းဝတ်စုံအချို့ရယ်၊ သင်ရိုးညွန်းတမ်းစာအုပ်တွေ၊ ကွန်ပါဘူးတွေကို ထောက်ပံ့လှူဒါန်းပေးနေပါတယ်၊ မျှဝေခြင်းသည် လိုအပ်သူများအတွက် အင်အားကြီးတစ်ခုဖြစ်လာပါလိမ့်မည်၊ မျှဝေခြင်းဖြင့် မြန်မာနိုင်ငံတော်သစ်ကြီးအတွက် ညီမျှခြင်းတစ်ခုတည်ဆောက်ယူကြပါစို့ ဆိုတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီမံချက်နဲ့အညီ လုပ်ဆောင်နေပါတယ် ” ဟု ၎င်းက ပြောသည်။

မပြည့်စုံသည့် မိဘပြည်သူများအတွက် မျှဝေခြင်းအစီအစဉ်က အားဖြည့်ကူညီရာအများကြီးရောက်ပါ
ကြောင်းနှင့် ပညာသင်ကြားမှုအတွက် အထောက်အကူတစ်ရပ်ဖြစ်ပါကြောင်း ရေးမြို့နေ မူလတန်းပြ
ဆရာမတစ်ဦးက သုံးသပ်ပြောဆိုသည်။

မျှဝေခြင်းအစီအစဉ်ကို မတ်လကစတင်ကာ ရပ်/ကျေး NLD ပါတီဝင်များကတဆင့် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ မပြည့်စုံသည့်ကျောင်းသားကျောင်းသူများစာရင်းကောက်ယူကာ ပြုစုခဲ့ကြောင်းနှင့် စေတနာရှင်များထံက လှူဒါန်းခဲ့သည့် စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ယခုအခါ ပါတီဝင်များ၊ ကိုယ်စားလှယ်များက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများရှိ ကျောင်းများအရောက် လှူဒါန်းပေးနေခြင်းဖြစ်သည် ဟု သိရှိရသည်
သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.