ရေး ၊ ဇွန် ၂၇

ရေးမြို့နယ်သဘင်ပညာရှင်များအစည်းအရုံး၏ တည်ထောင်ခွင့်ဆိုင်ရာနှင့်လူမှုကူညီစောင့်ရှောက်ရေးဆိုင်ရာ
အသိပေးရှင်းလင်းပွဲကို ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခန်းမဆောင်တွင် ပြုလုပ်ကျင်းပခဲ့သည်ဟု သိရသည်။
Untitled-2

“ ဒီနေ့ကျင်းပရတာကတော့ မြန်မာနိုင်ငံသဘင်ပညာရှင်အစည်းအရုံးဗဟိုရဲ့ ညွှန်ကြားချက်အရ ရေးမြို့နယ်မှာ ရှိတဲ့ သဘင်ပညာရှင်များအနေနဲ့ တည်ထောင်ခွင့်နှင့် သဘင်အစည်းအရုံးရဲ့ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြတဲ့ပွဲနဲ့ လူမှုကူညီစောင့်ရှောက်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းခဲ့ပြီးတော့ ရှေ့လုပ်ငန်း စဉ်တွေကို အဖွဲ့ဝင်တွေကို အသိပေးရှင်းလင်းခြင်းပါ ” ဟု ရေးမြို့နယ် သဘင်ပညာရှင်များအစည်းအရုံးက ဘဏ္ဍာရေးမှူး ဦးသူရိန်က သံလွင်တိုင်မ်းသို့ ပြောကြားသည်။

ရေးမြို့နယ်ရှိ သဘင်လုပ်ငန်းလုပ်ကိုင်များအနေဖြင့် ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း အငြိမ့်၊ ဆိုင်း၊ ဇာတ်သဘင်၊ ဒေဝါ လုပ်ကိုင်လိုပါက တည်ထောင်ခွင့်ကို လာမည့် ဇူလိုင်လ ၂၇ ရက်နေ့နောက်ဆုံးထား ၍ ရေးမြို့နယ်သဘင်အစည်းအရုံးက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် လူမှုကူညီစောင့်ရှောက်ရေး အသင်းကို ဖွဲ့စည်းကာ ရေးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာပါက လိုအပ်သည့် ကူညီထောက်ပံ့မှုအစီအစဉ်များပေးအပ်မည်ဖြစ်ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

“ ကျွန်တော်တို့မြို့နယ်အစည်းအရုံးက ခု ပြန်ဖွဲ့ထားတာ လပိုင်းပဲရှိသေးတယ်၊ လူမှုရေးလုပ်ငန်းတွေ
အတွက် လိုအပ်တဲ့ ရံံပုံငွေကို ရှာဖွေရဦးမှာဖြစ်တယ်၊ ဒါမှသာ ကျွန်တော်တို့လုပ်ဆောင်ရမယ့်လုပ်ငန်းကိစ္စ
တွေကို ဆောင်ရွက်ပေးနိုင်မှာပါ၊ အားလုံးလဲ ပါဝင်ကူညီကြဖို့တိုက်တွန်းပါတယ် ” ဟု ဘဏ္ဍာရေးမှူး
ဦးသူရိန်က ဆိုသည်။

ရေးမြို့နယ်သဘင်ပညာရှင်များအစည်းအရုံးကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး
သဘင်ဆိုင်ရာလုပ်ငန်းများကို အမှုဆောင်အဖွဲ့ဝင်(၉)ဦးဖြင့် အကောင်အထည်ဖောင်ဆောင်ရွက်လျက် ရှိနေသည်ဟု သိရသည်။
သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.