ရေး ၊ ဇွန် ၂၆

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် စုပေါင်းချီတက်လမ်း လျှောက်ပွဲကို ရေးမြို့တွင် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။

Untitled-1

“ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုများလုံးဝပပျောက်သွားစေဖို့ မူးယစ်ဆေးဝါး၏ဆိုးကျိုးတွေကို မျက်မှောက်ခေတ် ပြည်သူများနဲ့ လူငယ်များ ပိုမိုသိမြင်လာနိုင်စေဖို့၊ အစိုးရအဖွဲ့အစည်းများနဲ့ အရပ်ဖက်လူမှု အကျိုးပြုအဖွဲ့အစည်းများပူးပေါင်းပြီးတော့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်
လုပ်ဆောင်သွားနိုင်ဖို့ရည်ရွယ်ချက် ၃ ရပ်ဖြင့် ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ် ” ဟု လောကသုခမွန်ကျောင်း တိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဦးပညာလင်္ကာရမှ ရေးမြို့၊ မွန်ဓမ္မာရုံတွင်ပြုလုပ်သည့် အခမ်းအနား တွင် မိန့်ကြားသည်။

ယင်းအထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင်ပြုလုပ်ကျင်းပခဲ့ရာ အခမ်းအအနားသို့
ဆရာတော်သံဃာတော်များ၊ စကခ(၁၉)မှ ဒုစကခမှူး ဗိုလ်မှူးကြီးကျော်ကျော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်ဥက္ကဋ္ဌနိုင်အောင် မငေးတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး တက်ရောက်သူများ၏ မေးမြန်းမှုကို ဖြေကြားသည်။

“ ရေးမြို့နယ်မှာက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ပျံ့နှံ့မှုများလာတဲ့အတွက် ဆရာတော်သံဃာတော်တွေ အဖွဲ့အစည်းတွေ ပေါင်းပြီး မူးယစ်ဆေးဝါးနည်းသထက်နည်းအောင် ပြည်သူတွေအသိပေးနှိုးဆော်တဲ့ပွဲပေါ့၊ ကျောင်းသားလူငယ်တွေအဆင့်အထိ သုံးစွဲနေတာတွေ့နေရတယ်၊ မျိုးဆက်သစ်တွေအနေနဲ့ တိုးတက်မှုအများ ကြီးနောက်ကျကျန်ရစ်နေပြီ၊ ပပျောက်လျော့နည်းအောင် လုပ်ဆောင်သင့်နေပြီ ” ဟု အခမ်းအနားတက်ရောက် သူ ကျောင်းရွာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က သံလွင်တိုင်းမ်သို့ ပြောသည်။

အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များနှင့် ရေးမြို့နယ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူငယ်များ အဖွဲ့စုစုပေါင်းအင်အား ၂၀၀ ခန့် ရေးမြို့အတွင်း စုပေါင်းချီတက် လမ်းလျှောက်ခဲ့ကြကြောင်းသိရှိရသည်။
သတင်း – ရဲနိုင်ဦး (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.