မော်လမြိုင် ဇွန် ၃၀

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ဖွဲ့စည်ရေး ပထမအကြိမ်အစည်းအဝေးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ဇွန်လ၃၀ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် စတင်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

Untitled-2

ယင်းဖွဲ့စည်းရေးအစည်းအဝေးသို့ ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-U)ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒု-ဥက္ကဌ(၁)ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး၊ ဒု-ဥက္ကဌ (၂) ဦးကိုကိုကြီးနှင့် ရုံးအဖွဲ့မှတာဝန်ရှိသူများ၊ ABSDF၊ KNU၊ KNLAတပ်မဟာ(၁)၊ (၅)၊ (၆)၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချပ်မျိုးဝင်းနှင့် တာဝန်ရှိသူများ အရပ်ဘက်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူ စုစုပေါင်း(၅၀)ကျော်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“ရန်ဖြစ်နေတဲ့သူတွေ ဒီအခန်းတစ်ခန်းထဲမှာဆွေးနွေးနေကြပြီး ဒီယဉ်ကျေးမှုကိုကြည့်သုံးသွားခြင်း အားဖြင့် ကြိုတင်သတိပေးမယ်၊ ဖြစ်ခဲ့ရင်လည်းဒါမျိုးနောက်မဖြစ်အောင်ဘယ်လိုလုပ်မလဲ၊ အောက်ခြေအဆင့် ရပ်ကွက်ထိ အရပ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်လေ့လာသူများကိုလည်း အသိအမှတ်ပြုကဒ်ပြားထုတ်ပေးမယ်”ဟုပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီJMC-U ဒုဥက္ကဌ(၂)ဦးကိုကိုကြီးမှ သတင်းထောက်များမေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

မွန်ပြည်နယ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီအား အစိုးရနှင့်တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကို်ယ်စားလှယ်များနှင့် နှစ်ဖက်လက်ခံသောအများယုံကြည်လေးစား ရသည့်အရပ်သားကိုယ်စားလှယ်များစုစုပေါင်း(၁၄)ဦးဖြင့်ဖွဲ့စည်းခဲ့သည်။

အဆိုပါကော်မတီတွင် ဥက္ကဌအဖြစ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဝင်းက တာဝန်ယူပြီး ဒုဥက္ကဌ(၁)အဖြစ် KNU တပ်မဟာ(၁)မှ ဗိုလ်မှူးကြီး စောပလေ့ကလည်းကောင်း၊ ဒုဥက္ကဌ(၂) အဖြစ် အရပ်ဘက်မှ ဒေါက်တာမင်းနွယ်စိုးရလည်းကောင်းပါဝင်ပြီး အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ ဦးဇော်လင်းထွန်း၊ ရဲမှူးကြီးဘိုဘိုဦးတို့က အစိုးရဘက်မှ ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဗဒိုစောစိုးမြင့်၊ ဗိုလ်မှူးကြီး စောဂျိုးစွာ၊ ဗိုလ်မှူး စောဆဲနေထူးတို့က KNU ဘက်မှ ကိုယ်စားလှယ်အဖြစ်လည်းကောင်းပါဝင် သည်။ ယင်းအပြင် အရပ်သားကိုယ်စားလှယ်အဖြစ် စောဟိုရှေး၊ နော်ဆာထူး၊ ဒေါက်တာမိယဉ်ချမ်းတို့ကလည်း အရပ်ဘက်ကိုယ်စားလှယ်အဖြစ်ပါဝင်ပြီး ဗိုလ်ကြီးစောကျော်မြင့် (KNU တပ်မဟာ ၁)မှ အတွင်းရေးမှူး(၁) အဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီးရဲထွဋ် (အစိုးရကိုယ်စားလှယ်)က အတွင်းရေးမှူး(၂)အဖြစ်လည်း ကောင်းပါဝင်ကြောင်းသိရပါသည်။

JMC၏ လုပ်ငန်းတာဝန်မှာ တနိုင်ငံလုံးအတိုင်းအတာနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအခြေအနေ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းလိုက်နာ ခြင်းနှင့်ပတ်သက်ပြီး ကော်မတီကနေလေ့လာခြင်း၊ စောင့်ကြည့်ခြင်း၊ စီစစ်ခြင်း၊ ပူးပေါင်း ညှိနှိုင်းခြင်း၊ ဖြေရှင်းခြင်းအကောင်အထည်ဖော်ခြင်းတို့ဖြစ်သည်။

သတင်း – မင်းဥဒါန်း
ဓါတ်ပုံ – မင်းဇော်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.