မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲအတွင်းရှိ ကဗျာဝကမ်းခြေ စီမံကိန်းလုပ်ငန်း စတင် အကောင်အထည်ဖော် လုပ်ဆောင်ရန် အောက်တိုဘာ ၃၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည်ဟု စီမံကိန်းကို လုပ်ကိုင်ခွင့်ရရှိထားသည့် Aurum Company Limited က ပြောသည်။
“ကဗျာဝရဲ့ သဘာဝအခြေအနေတွေဟာ မပြောင်းမလဲဘဲ၊ သူ့ရဲ့ သံယံဇတ ကြွယ်ဝမှုတွေကလည်း နဂိုအတိုင်း တည်ရှိနေတဲ့အတွက် ကမ်းခြေစီမံကိန်းကို လုပ်ဆောင်ဖို့ ဖြစ်နိုင်ခြေ အနေအထားတွေနဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြ လုပ်ဆောင်ခဲ့ပါတယ်” ဟု Aurum Company Limited မှ မန်နေဂျင်းဒါရိုက်တာ ဦးဌေးသွင်က ပြောသည်။
ခေါဇာမြို့သည် ကပ္ပလီပင်လယ် ကမ်းရိုးတန်း အရှည်မိုင် (၂၀) ခန့် ပါဝင်ပြီး၊  သဲသောင်တစ်လျှောက် ပင်လယ်ကဗွီး၊ သဲသောင်ပင်ပေါက်ပင်ငယ်များ ပေါက်ရောက်ကာ၊ ခရု၊ ဂဏန်း၊ ကျောက်ပုစွန် (ဒေသအခေါ် ဂဲပုစွန်) များ၊ ရေထွက်ပစ္စည်းများ ပေါများကြွယ်ဝကာ ကမ်းခြေအနီး မကျီးကျွန်း၊ ကျွန်းကြီးကျွန်းတို့၏ သဘာဝက ပေးသောအလှအပများကြောင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အကျိုး ဖြစ်ထွန်းစေမည်ဟုလည်း ပြောသည်။
“ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်တဲ့နေရာမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့၊ ပြီးတော့ လျှပ်စစ်မီး၊ နောက် နယ်မြေလုံခြုံရေး ဒါတွေ ကောင်းဖို့လိုတယ်၊ ယခင်က လမ်းပန်း ဆက်သွယ်ရေးလည်း မကောင်းခဲ့ဘူး၊ ကမ်းခြေစီမံကိန်း ဖြစ်ထွန်းပေါ်ပေါက်ဖို့ က မြေနေရာရရှိရေးက အရေးပါတယ်လေ တချို့ မြေကစားတဲ့ သူတွေကြောင့် နှောင့်နှေးမှုတွေ ရှိခဲ့တာပါ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီး နိုင်လဝီအောင်က ပြောသည်။

20151004_beach_01
ကဗျာဝကမ်းခြေ စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ သန်းခန့်ဖြင့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အဆင့်မြင့်တည်းခိုခန်း ၁၂၀ အပါအဝင် ဟိုတယ်ရုံးခန်း၊ ကားရပ်နားရာနေရာ၊ စားသောက်ခန်း၊ ဝန်ထမ်း အိမ်ယာနှင့် ရေကူးကန်များပါဝင်ပြီး မွန်ပြည်နယ်၏ အလှပဆုံးသော ကမ်းခြေတစ်ခုဖြစ်လာမည်ဟု ကုမ္ပဏီက မျှော်လင့်ထားသည်။
ကုမ္ပဏီအနေဖြင့် ဒေသဖွံ့ဖြိုးမှုအတွက် ကျေးရွာချင်းဆက်လမ်းများ၊ အဆင့်မြင့်ကျန်းမာရေးဌာန၊  ကျေးလက် စာကြည့်တိုက်များအပြင် ဒေသခံများပါ ပါဝင်ရောင်းချနိုင်သည့် အဆင့်မြင့် ဈေးတခု ပြုလုပ်ပေးသွားမည် ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းနှင့် ကမ်းခြေစီမံကိန်း အခြေအနေများကြောင်း  ဒေသဖွံ့ဖြိုး တိုးတက်လာတော့မည်ကို ဒေသခံများက  မျှော်လင့်နေကြသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.