သုဝဏ္ဏဘူမိမြို့ဟောင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရံပုံငွေ ကျပ်သိန်း ၈၀၀ နှင့် အလှူရှင်မှရရှိထားသည့် ကျပ်သိန်း ၃၀၀ စုစုပေါင်း ကျပ်သိန်း ၁၁၀၀ ဖြင့် ဒီဇင်ဘာလဆန်းတွင် ဆက်လက်တူးဖော်သွားမည်ဟု မွန်ပြည်နယ် စီမံ/စီးပွား ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
ဆက်လက်တူးဖော်ရန်အတွက် မြို့ရိုး မြို့ဝင်ပေါက် မြို့အဝင်ဂိတ်နှင့် နန်းတော်လိုနေရာမျိုးတွေ့ရှိနိုင်သည့် နေရာ ၈ နေရာကို ရွေးချယ်သတ်မှတ်ထားပြီး ဒေသခံများနှင့်လည်း ညှိနှိုင်းဆောင်ရွက်ထားကာ မူမပျက် ပွင့်လင်းရာသီတွင် ဆက်လက်တူးဖော်မည်ဟုလည်း ၎င်းက ပြောသည်။
၎င်းပြင် တူးဖော်ရင်း တူးဖော်တွေ့ရှိချက်များကို တပြိုင်နက်တည်း ထိန်းသိမ်းရေးများကိုပါ လုပ်ဆောင်သွားရန် စီစဉ်နေသည်ဟု သူက ပြောသည်။
သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်နိုင်ရန်အတွက် သုဝဏ္ဏဘူမိစာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ၂၀၁၃ ခုနှစ် ဇွန်လခန့်က မော်လမြိုင်တွင် ကျင်းပခဲ့ပြီး၊ ဝင်က၊ အရပ်သည်မနှင့် သထုံတဝိုက်ကို သုဝဏ္ဏဘူမိ မြို့ဟောင်းတည်နေရာအဖြစ် သတ်မှတ်ထားခဲ့ကာ ယင်းဆွေးနွေးပွဲမှ သတ်မှတ်ခဲ့သည့်နေရာအတိုင်း မြို့ဟောင်းတူးဖော်မှုကို ပြည်ထောင်စုဘက်ဂျက် ကျပ်သိန်း ၂၀၀ ဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်းက စတင်တူးဖော်ခဲ့သည်။
တူးဖော်မှုတွင် ဘာသာရေး အဆောက်အဦးဟုယူဆရသည့် အဆောက်အဦး၊ မြို့ရိုးဟုယူဆရသည့် အဆောက်အဦအပြင် အဆောက်အဦးအတွင်း လက်ရေးစင်အုပ်ချပ်များ၊ ဂဝံရုပ်ကြွများ၊ အုတ်ခွက်ဘုရား အကျိုးအပဲ့များ၊ ဆီမီးခွက်များ၊ ဆားထည့်အိုး၊ သိုလှောင်အိုးခြမ်းကွဲများ၊ ဒဂါၤပြားများ စသည့်ပစ္စည်း အမျိုးပေါင်း ၁၀၀ ကျော်ကိုတွေ့ရှိခဲ့သည်ဟု တူးဖော်ရေးအဖွဲ့က ပြောသည်။
ယင်းတူးဖော် တွေ့ရှိထားမှုပစ္စည်းများကို မော်လမြိုင်မြို့ရှိ မွန်ယဉ်ကျေးမှုပြတိုက်တွင် ပြသထိန်းသိမ်းထားသလို အဆောက်အဦးတို့ကိုလည်း အမိုးအကာဖြင့် စနစ်တကျထိမ်းသိမ်းထားသည်။
သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်ရေးလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနတို့က ဦးဆောင်တူးဖော်ကြသည်။
မြို့ဟောင်းတစ်ခုကို တူးဖော်ရာတွင် အချိန်ကြာမြင့်စွာ သုတေသနပြု တူးဖော်သွားရမည်ဟု ရှေ့ဟောင်း သုတေသနာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောခဲ့သည်။
သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံအောက်ပိုင်း မွန်လူမျိုးတို့၏ ရာမညဒေသရှိ စစ်တောင်းမြစ်ဝပတ်ဝန်းကျင်မှ တောင်ဘက် သံလွင်မြစ်ဝ ပတ်ဝန်းကျင်ထိကို သုဝဏ္ဏဘူမိနေရာဟု မွန်သမိုင်း မှတ်တမ်းအရ သိရသည်။
ပထမဝီ အနေအထားအရ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း ဝေါမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မော်လမြိုင်ခရိုင် မြောက်ပိုင်းဒေသများကို ခြုံငုံ၍ သုဝဏ္ဏဘူမိဧရိယာဟု မွန်သမိုင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.