ဖိုးဉာဏ်စင် (မြန်မာစာ ) မြဝတီ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်တွင် တည်ဆောက်ထားသည့် ထာဝရ ကရင်နှစ်သစ်ကူးမင်္ဂလာကွင်း တည်ဆောက်မှုအခြေအနေနှင့် ကွင်းအတွက် ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားတစ်ရပ်ကို စက်တင်ဘာလ ၂၈ ရက်နေ့က မြဝတီမြို့ရှိ တောင်ကလေးအေးရိပ်သာကျောင်းတွင် ဆွေးနွေးကျင်းပခဲ့သည်။
ထာဝရ ကရင်နှစ်သစ်ကူးကွင်း တည်ဆောက်ရေးကို ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နှုတ်ဖြင့်ကန့်ကွက်မှုများ ရှိခဲ့ဖူးသော်လည်း လက်ရှိကွင်းတည်ဆောက်ရေးမှာ (၈၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု ကရင်တိုင်းရင်းသားလက်နက်ကိုင် တပ်မှူးတစ်ဦးက အဆိုပါဆွေးနွေးပွဲတွင် ပြောခဲ့သည်။
ထာဝရ ကရင်နှစ်သစ်ကူးကွင်း ရရှိရေးသည် ကရင်တမျိုးသားလုံးအတွက် မရှိမဖြစ် လိုအပ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြည်ထဲရေးနှင့် သာသနာရေးဌာန တာဝန်ခံ ဖဒိုစောအားတိုးက ပြောသည်။
၎င်းက “ကျနော်တို့ မြဝတီမြို့မှာ ကရင်နှစ်သစ်ကူးကွင်း မရှိဘူး။ ပွဲကျင်းပမယ်ဆိုရင် နေရာမရှိတော့ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ်။ ဟိုနေရာမှာ လုပ်လိုက်၊ ဒီနေရာမှာလုပ်လိုက်နဲ့ အတည်တကျမရှိဘူး ဖြစ်နေတယ်ပေါ့ ။ အခုလို သီးသန့်နှစ်သစ်ကူးကွင်းရှိလာရင် နှစ်သစ်ကူးပွဲရယ်မှ မဟုတ်ဘူး။ အခြား ကရင်အမျိုးသားတွေနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေ၊ ပွဲလမ်းသဘင်တွေကို ကျင်းပဆောင်ရွက်နိုင်မယ် ဒီအတွက် ခိုင်မာတဲ့ကွင်းတခုကို ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖော်ထုပ်လုပ်ဆောင်ရတာ ဖြစ်ပါတယ်”
ထာဝရ ကရင်အမျိုးသား နှစ်သစ်ကူးမင်္ဂလာကွင်း တည်ဆောက်နိုင်ရေးအတွက် မြဝတီမြို့ခံ ကရင်တိုင်းရင်းသားများ စုပေါင်းပြီး ငွေကျပ်သိန်းပေါင်း (၄၂၀) ကို ကွင်းတည်ဆောက်ရေး ကော်မတီအဖွဲ့သို့ အဆိုဆွေးနွေးပွဲ အခမ်းအနားတွင် ပေးအပ်လှူဒါန်းခဲ့သည်။
“ဒီကွင်းကြီးဟာ ကျနော်တို့ ကရင်တွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့ သင်္ကေတကြီးလည်း ဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)၏ အမှတ်(၃)တပ်နယ် အကြံပေးနှင့် ကြီးကြပ်ရေးအရာရှိ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
အဆိုပါ ထာဝရ ကရင်နှစ်သစ်ကူးကွင်းတည်ဆောက်ရေးကို ခန့်မှန်းကုန်ကျစရိတ် ကျပ်သိန်းပေါင်း (၂) ထောင်ခန့် ကုန်ကျနိုင်ကြောင်း ကွင်းအတွင်း စင်မြင့်၊ ဒုံးကစင်၊ မိုးလုံလေလုံ ကဇတ်ရုံ၊ ရုံးခန်း၊ အစည်းအဝေးခန်း၊ နားနေဆောင်၊ ဈေးဆိုင်၊ ဆေးပေးခန်းနှင့် အားကစားဆိုင်ရာ လက်ဝှေ့ရုံတို့ပါဝင်မည်ဟု ကွင်းတည်ဆောက်ရေးတာဝန်ခံ စောကြာသန့်က ပြောသည်။
ထာဝရ ကရင်နှစ်သစ်ကူးကွင်း တည်ဆောက်ရေးအခြေအနေဆွေးနွေးပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဒဘာသာ ဆရာတော်ကြီးများ၊ နှစ်ခြင်းသာသနာ သင်းအုပ်ဆရာများ ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA –PC) တို့မှ တာဝန်ရှိသူများနှင့် ကရင်လူမှုရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ကရင်တိုင်းရင်းသားများသည် ၎င်းတို့စုပေါင်းနေထိုင်ရာ မြို့ရွာအသီးသီးတို့တွင် ကရင်နှစ်သစ်ကူးအတွက် မင်္ဂလာကွင်းများကို သီးသန့်ထားရှိလေ့ရှိကြပြီး အဆိုပါမင်္ဂလာကွင်း၌ နှစ်သစ်ကူး အခမ်းအနားကိုသာမက ကရင်အမျိုးသားနေ့အပါအဝင် ကောက်သစ်စားမင်္ဂလာအခမ်းအနား၊ လက်ဖြူချည်ဖွဲ့ အခမ်းအနားများကိုလည်း ပြုလုပ်ကျင်းပလေ့ ရှိသည်။