မကွေး ဇွန် ၂၉

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီ ယာဉ် ၉ စီး မိုင်းဆွဲတိုက်ခိုက်ပြီး ၆ ဦး သေဆုံးတယ်လို့ ​ပွင့်ဖြူ ပကဖက ဇွန် ၂၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန် ၂၄ ရက်မှာ မဒဲကျေးရွာဘက်ကို စစ်ကြောင်းဝင်ပြီး ပြန်ဆုတ်လာတဲ့ ယာဉ် ၉ စီးကို ထိန်အိုင်ကျေးရွာ မြောက်ဘက်မှာ တိုက်ခိုက်ခဲ့တာပါ။

“လောလောဆယ်မှာတော့ စစ်ကြောင်းက ပြန်ဆုတ်သွားပြီ။ အဲဒီပတ်ဝန်းကျင်မှာတော့ ပျူစောထီးတွေ လှုပ်ရှားမှုရှိတယ်။ ကင်းပတ်တာတွေလည်း တွေ့ရတယ်” လို့ ပွင့်ဖြူ ပကဖ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် လက်နက်ငယ်တွေနဲ့ မိနစ် ၂၀ ဝန်းကျင် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဟိုက်ဂျက်အမျိုးအစားမော်တော်ယာဉ်နဲ့ ပွင့်ဖြူဘက်ကို သယ်ဆောင်သွားပြီး မကွေးစစ်ဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဇွန် ၂၃ ရက်မှာ ညောင်ပင်ဝိုင်း၊ ထူးပေါက်၊ မဒဲနဲ့ ကနီကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး ပြည်သူ ၂၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတာပါ။ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ အဖမ်းခံရသူတွေ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပွင့်ဖြူ ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.