ဝါရှင်တန်၊ ဇွန် ၂၈
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီကို ဇွန် ၂၇ ရက်က ပြင်းပြင်းထန်ထန် ဝေဖန်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့တွေ ရုတ်သိမ်းပေးမယ့် အစီအစဉ်ကို ပယ်ဖျက်ထားကြောင်း တီဟီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုတွေ စိုးရိမ်စရာ အတိုင်းအတာအထိ ရောက်ရှိလာရင် ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ဖို့ စဉ်းစားသွားမယ်လို့ ပြောလိုက်ပါတယ်။
အီရန် နျူကလီးယားစက်ရုံတွေကို အမေရိကန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေနဲ့အတူ အစ္စရေးနဲ့အီရန် ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ခဲ့ပြီးနောက် ခေါင်းဆောင်ကြီး ခါမေနီရဲ့ ပထမဆုံး မှတ်ချက်တွေကို ထရန့်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှု အပြီး အဓိက အမေရိကန် စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ပြီးတော့ အမေရိကန်ကို အီရန်က မျက်နှာဖြတ်ရိုက်ပစ်မယ်လို့ ခါမေနီက ပြောခဲ့တာပါ။
အီရန်အနေနဲ့ ဘယ်တော့မှ လက်နက်ချ အလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း ခါမေနီက ပြောပါတယ်။
ခါမေနီရဲ့ အသက်ကို သူချမ်းသာပေးခဲ့တာ ဖြစ်တယ်လို့ ထရန့်က တုံ့ပြန်ပါတယ်။

ထိပ်တန်းခေါင်းဆောင်ကို သတ်ဖြတ်မယ့် အစ္စရေးရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာ ဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ဇွန် ၁၅ ရက်က ရိုက်တာ သတင်းဌာနသို့ ပြောပါတယ်။
အစ္စရေးတပ်တွေက ဒါမှမဟုတ် အမေရိကန်တပ်တွေက ခါမေနီကို သုတ်သင်ရှင်းလင်းဖို့ မိမိအနေနဲ့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း ထရန့်က ဆိုပါတယ်။
သူ့ကို အရမ်း အကျဉ်းတန်စွာနဲ့ ရှက်စရာ သေဆုံးရတော့မယ့် အခြေအနေကနေ မိမိက ကယ်တင်ပေးခဲ့တာ ဖြစ်တယ်လို့လည်း ထရန့်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ရုတ်သိမ်းပေးဖို့ စီစဉ်ခဲ့ပေမယ့် အခုတော့ အဲဒီ အစီအစဉ်တွေကို စွန့်လွှတ်လိုက်ပြီလို့ ထရန့်က ပြောပါတယ်။
အမေရိကန် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေဆီ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေအဖွဲ့ IAEA သွားရောက် စစ်ဆေးရေး မိမိအနေနဲ့ ထောက်ခံသွားမယ်လို့ ထရန့်က ပြောပေမယ့် အီရန်က ဝင်ခွင့် ပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
Ref:Reuters