နေပြည်တော် ၊ ဇွန် ၂၉
နေပြည်တော်မှာ သုံးရက်တာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ သုံးသပ်ဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ ပလဲနံသင့်ကြတဲ့ အစုအဖွဲ့တွေအားလုံးက ရွေးကောက်ပွဲကျင်းပနိုင်ရေးဆိုင်ရာ အစီအမံတွေကို အလေးပေးဆွေးနွေးခဲ့ကြပါတယ်။
ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ပဋိပက္ခအပြီး ပြန်လည်တည်ဆောက်ရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားစည်းလုံးညီညွတ်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ အင်အားစုတွေ မပါဝင်ပါဘူး။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု လေးနှစ်ကျော်လာခဲ့ပေမယ့် အကျပ်အတည်းပေါင်းစုံဟာ ဆက်လက်တည်ရှိနေတဲ့အပေါ် စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ငြိမ်းချမ်းရေးဖိုရမ်ကို ပြုလုပ်ခဲ့တာပါ။
ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက စစ်အာဏာဆက်လက်ရှင်သန်ရေးအတွက် ရွေးကောက်ပွဲလုပ်လာခဲ့ရင် စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အစုအဖွဲ့တွေ အားလုံး အကျိုးဆက်ကို တာဝန်ယူရလိမ့်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ပြီးတော့ စစ်တပ်ရဲ့ သူတို့ အာဏာဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် လုပ်မယ့် ဒီရွေးကောက်ပွဲက မဖြစ်မနေ အကောင်အထည် ဖော်လာခဲ့မယ်ဆိုရင်တော့ ဖြစ်လာသမျှ အကျိုးဆက်က အားလုံး သူတို့မှာ တာဝန်ယူမှု တာဝန်ခံမှု ရှိရပါလိမ့်မယ်။ နောက်ပြီးတော့ သူတို့နဲ့ ပူးပေါင်းပါဝင်နေတဲ့ အစုအဖွဲ့တွေ အားလုံးအပေါ်မှာလည်း ထိုနည်းလည်းကောင်းပဲ အကျိုးဆက်တွေအားလုံးအတွက် တာဝန်ယူရပါလိမ့်မယ်” လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးဖိုရမ်မှာ ပြည်တွင်းရှိ စစ်ကောင်စီနဲ့ သဟဇာတဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ နိုင်ငံရေးသမားတွေ မိတ်ဘက်နိုင်ငံက သံတမန်တွေ စတဲ့ အစုအဖွဲ့တွေ တက်ရောက်ခဲ့ကြတာပါ။
ဆွေးနွေးပွဲတွေအတွင်း အဖွဲ့ နှစ်ဖွဲ့ခွဲပြီး ပကတိအခြေအနေနဲ့ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အစီအမံတွေအပါအဝင် ရွေးကောက်ပွဲအလွန် အခင်းအကျင်းတွေကို ဆွေးနွေးခဲ့ကြပြီး အကြံပြုချက် ၁၂၀ ကျော်ရရှိခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ တရားဝင် အသိပေးထုတ်ပြန်လာတာ မရှိသေးပါဘူး။
အကြံပြုချက်တွေကို စုစည်းပြီး နိုင်ငံတော်ဝန်ကြီးချုပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တင်ပြသွားမယ်လို့ NSPNC အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဖိုရမ်အပြီး မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
ဒါဟာ စစ်ကောင်စီ လျာထားတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဇူလိုင် ၃၁ ရက်နေ့မှာ ခေါ်ယူမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အဲဒီအကြုံပြုအချက်တွေကိုပါ ထည့်သွင်းပြီး တစ်စုံတစ်ရာ ဆုံးဖြတ်နိုင်တယ်လို့ နားလည်ရပါတယ်။
တောင်ပိုင်းအခြေစိုက် ဒေါင်းမင်းစစ်ကြောင်းပြောခွင့်ရ ကိုမင်းသွေးသစ်ကတော့ စစ်ကောင်စီက ရင်းမြစ်တွေကို အကောင်းဆုံးအသုံးချပြီး လိုချင်တဲ့ပုံစံအတိုင်း ရွေးကောက်ပွဲလုပ်ဖို့ တဆင့်ပြီးတဆင့် ခြေလှမ်းနေတာလို့ သုံးသပ်ပါတယ်။
“လက်ရှိ အခြေအနေမှာ မင်းအောင်လှိုင်က သူ့မှာရှိတဲ့ ရင်းမြစ်တွေကို အကောင်းဆုံးအသုံးချပြီး သူ့ဘက်ရပ်တည်နေတဲ့ နိုင်ငံတွေနဲ့ ကူးလူးဆက်ဆံပြီး သူလိုချင်တဲ့ ပုံစံအတိုင်း ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာက သူ့လုပ်ငန်းစဉ်ကို တဆင့်ပြီးတဆင့် သွားနေတယ်။ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကသာ မင်းအောင်လှိုင်တစ်ချက် ခြေလှမ်းလှမ်းလိုက်တိုင်း ကျွန်တော်တို့က နောက်ကနေ အဲဒီအရာကို ကြည့်ပြီး ပြန်လိုက်လုပ်တာမျိုးဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ဘက်မှာ နိုင်ငံရေးစစ်ရေးခေါင်းဆောင်မှု တပ်ပေါင်းစု လိုတယ်”လို့ ဆိုပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိ စာရင်းတွေအရ မဲဆန္ဒနယ် ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ ရှိတယ်လို့ အသိပေးထားတာပါ။
အီလက်ထရောနစ်မဲပေးစက်နဲ့ ဆန္ဒမဲပေးရမှာဖြစ်ပြီး မဲများသူအနိုင်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် PR နှစ်မျိုးစလုံးကို ကျင့်သုံးသွားမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် ဥပဒေ၊နည်းဥပဒေတွေကို ပြဌာန်းထုတ်ပြန်ပေးမယ်လို့ ကော်မရှင်က ဆိုထားပါတယ်။
ငြိမ်းချမ်းရေးဖိုရမ်မှာတော့ ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲကာလမှာ စစ်မှုထမ်းစာရင်းကောက်ခံမှုကို ခြောက်လဖြစ်စေ တစ်နှစ်ဖြစ်စေ ရပ်ဆိုင်းပေးရေးအပါအဝင် မဲဆန္ဒနယ်မြေသတ်မှတ်တာနဲ့ လုံခြုံရေးကိစ္စရပ်တွေကို အကြံပြုဆွေးနွေးထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအလွန်ကာလမှာ သဘောထားကွဲလွဲမှုကြောင့် အကျဉ်းကျနေသူတွေ ပြန်လွှတ်ပေးဖို့ အပါအဝင် ဖွဲ့စည်းပုံပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပဖို့ကိုလည်း ဖိုရမ်ကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေက အကြံပြုထားကြတာပါ။
ဒီအကြုံပြုချက်တွေကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲကျင်းပရေးဟာ ဦးစားပေးအစီအစဉ်ဖြစ်ပြီး ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်င်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးကာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးပမ်းလာမယ့် အခြေအနေ ရှိနေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းချင်ဘဲ ကိုင်းဖျားကိုင်းနားတွေလောက်ပဲ လိုက်ပြီး အချိန်ကုန်နေမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲဆိုတာ လူတိုင်းလည်း သိနေပြီး။ ဒါပေမယ့် အဲဒီအရင်းအမြစ်ကို မရှာချင် မရှင်းချင်ဘဲ ကိုင်းဖျားကိုင်းနားတွေပဲ လိုက်ပြီးတော့ အချိန်ကုန်နေမယ်ဆိုရင် ကျွန်တော်တို့ အတွက် အချိန်မရှိဘူး၊ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ကတော့ တစ်စိုက်မတ်မတ် ဆက်လုပ်သွားမှာပဲဖြစ်တယ်။ကျွန်တော်တို့က ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် လွတ်လပ်မှု အဲဒါတွေက ကျွန်တော်တို့ ဆက်လက်ပြီးတော့ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမှာပဲ ဖြစ်တယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးဖိုရမ်မှာ ငြိမ်းချမ်းရေး၊ရွေးကောက်ပွဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကဏ္ဍသုံးရပ်ကို ဆွေးနွေးခဲ့ပြီး လက်တွေ့အသုံးချနိုင်အောင် လုပ်ဆောင်သွားမယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် နိုင်ငံသားအခွင့်အရေးတွေအတွက် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားရမှာဖြစ်ပြီး နောက်လုပ်မယ့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ နိုင်ငံတကာက ပညာရှင်တွေကို ဖိတ်ခေါ်သွားမယ်လို့ ပြောဆိုကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI