ကော့ကရိတ်၊ ဇွန် ၂၉

ကရင်ပြည်နယ် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းနဲ့ အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်လိုလို ဆက်လက်ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်မ (၄၄)၊ တပ်မ (၅၅) လက်အောက်ခံ စစ်ကြောင်းနဲ့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတို့အကြား ကရင်ပြည်နယ် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားနေတာပါ။

အဲဒီထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး တပ် ရင်းမှူးတစ်ဦးအပါအဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကာ လက်နက်ခဲယမ်းအများအပြားကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေ စိုးမိုးထိန်းချုပ်သိမ်းပိုက်ထားတဲ့ ကျုံဒိုး-ကော့ကရိတ်ကားလမ်းပိုင်းတစ်လျှောက်ကို အပြည့်အဝပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကနေတစ်ဆင့် စစ်ကြောင်းထိုးလာနေသလို ကျုံဒိုးမြို့ကနေလည်း စစ်ကြောင်းထိုးလာနေခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ကော့ကရိတ်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အောင်ဇေယျစစ်ကြောင်းလက်အောက်ခံ တပ်ဖြစ်ပြီး ကျုံဒိုးကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကတော့ တပ်မ (၄၄) ၊ တပ်မ (၅၅) ပါဝင်တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

ကော့ကရိတ်ကနေ ကျုံဒိုးမြို့ဘက်ကို ဦးတည်လာပြီး စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းလက်အောက်ခံတပ်က စစ်ကောင်စီတပ်သား ၂ ဦးဟာ ဗိုလ်အယ်စေးဝါး ခေါင်းဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းထံ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ Lion Battalion Commando စစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Lion Battalion Commando စစ်ကြောင်းထံ လက်နက်ချအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားဦးရေမှာ စုစုပေါင်း ၂၀ ကျော်ရှိပြီဖြစ်ပြီး ကျန်ရှိတဲ့ စစ်ကောင်စီတပ်သားလူငယ်တွေအနေနဲ့ လက်နက်ချအလင်းဝင်ရောက်လာဖို့ ဗိုလ်အယ်စေးဝါးက ပြောတဲ့အကြောင်း Lion Battalion Commando စစ်ကြောင်းရဲ့ ထုတ်ပြန်ထားတဲ့ ရုပ်သံမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားတွေ ပိတ်မိနေတယ်လို့ စစ်ရေးသတင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.