ကျောက်ကြီး၊ ဇွန် ၁၇

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နွားရေချောင်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၆၄ ခြေလျင်တပ်ရင်းကနေ နွာရေချောင်းကျေးရွာထဲကို လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နွားရေချောင်းကျေးရွာနေ အသက် ၃၅ နှစ်အရွယ် စောစိုးသူ ထိမှန်သေဆုံးခဲ့ပြီး အသက် ၆၅ နှစ်အရွယ် နော်မြခင် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ကလည်း နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ရေလဲကရင်ကျေးရွာနေ အသက် ၂၄ နှစ်အရွယ် စောထူးသာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလအတွင်း စစ်ကောင်စီတပ်ဟာ KNU ညောင်လေးပင်ခရိုင်ရှိ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာထဲကို လက်နက်ကြီး အလုံး ၇၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ KNU က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.