သထုံ၊ ဇွန် ၁၇

မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ရထားလမ်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု ရှိတယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ဇွန် ၁၆ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ အင်အား ၆ ဦးနဲ့ လမ်းကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ကို သထုံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှေ့ထွက်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ဦး လွှင့်ထွက်သွားပြီး ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ သထုံခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီဘက်က ရထားလမ်းပိုင်း လုံခြုံရေးလာယူတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေအရ အပိုင်စောင့်ဆိုင်းပြီးမှ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီဘက်က လာရောက်ကောက်ယူသွားပြီး သထုံခရိုင်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ရှိ ရထားလမ်းပိုင်းတွေ မကြာခဏဆိုသလို မိုင်းခွဲခံနေရတာကြောင့် စစ်ကောင်စီတပ်က ဇွန်လဆန်းပိုင်းကစပြီး လမ်းကင်းလုံခြုံရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Thaton PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.