နယူးဒေလီ ဇွန် ၁၂

အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ဂူဂျာရတ်ပြည်နယ် အမီဒါဘက်မြို့မှာ Air India လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းဟာ ဇွန် ၁၂ ရက်မှာ လေဆိပ်ကနေ ပျံတက်ပြီး မကြာမီမှာပဲ ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

အမီဒါဘက်မြို့ကနေ လန်ဒန်မြို့က ဂတ်ဝစ်လေဆိပ်ကို ထွက်ခွာခဲ့တဲ့ Flight AI171 လေယာဉ်ပေါ်မှာ လူ ၂၄၂ ဦး လိုက်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ Air India ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လောလောဆယ် အသေးစိတ်ကို လေ့လာစစ်ဆေးနေဆဲဖြစ်ပြီး အမြန်ဆုံး နောက်ထပ် သိရတဲ့သတင်းတွေကို ဝေမျှပေးမယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျရာ အပျက်အစီးပုံတွေထဲမှာတော့ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ကူညီရေးလုပ်ငန်း ဆောင်ရွက်နေကြတာ မြင်တွေ့ရပါတယ်။ လေယာဉ်ပျက်ကျတဲ့အချိန်မှာ ထူထဲတဲ့ မီးခိုးလုံးကြီး ထွက်ပေါ်လာတာကိုလည်း ခပ်လှမ်းလှမ်းကနေ မြင်တွေ့ခဲ့ရတာပါ။

Air India ရဲ့အဆိုအရ ဒဏ်ရာရသူတွေကို အနီးဆုံး ဆေးရုံတွေဆီ ခေါ်သွားပေးနေတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေကတော့ အထိအခိုက်အသေအဆုံး စာရင်းကို ထုတ်ပြန်တာ မရှိသေးပါဘူး။

Air India လေယာဉ်ဟာ ဆရာဝန်တွေနေတဲ့ အိမ်အငှားအဆောက်အဦပေါ်ကို ပျက်ကျခဲ့တာဖြစ်တယ်လို့ ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက အတည်ပြုပါတယ်။

အမီဒါဘက်မြို့မှာ လူ ၈ သန်းလောက်နေထိုင်ပြီး ဂူဂျာရတ်ပြည်နယ်ရဲ့ အဓိကမြို့ကြီး ဖြစ်ပါတယ်။ မြို့ရဲ့ လေဆိပ်ကို လူနေထူထပ်တဲ့ ဒေသက ဝန်းရံထားတာဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.