မော်လမြိုင် ဇွန် ၁၂

လာမယ့် နှစ်ကုန်ပိုင်းမှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်း မှန်ကန်စေရေးနဲ့ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရစေရေး အလေးထား ဆောင်ရွက်နေတယ်လို့ ဇွန် ၁၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်းမှာ စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။

မဲစာရင်းအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့ရာမှာ မြေပြင်မှာ နေထိုင်ခြင်းမရှိပေမယ့် အိမ်ထောင်စုစာရင်းမှာ ပယ်ဖျက်ထားခြင်း မရှိတဲ့သူတွေ၊ လူတစ်ယောက်တည်းက အိမ်ထောင်စုစာရင်းတစ်ခုထက်မက ပါဝင်နေသူတွေ၊ လူတစ်ယောက်တည်းက မှတ်ပုံတင်တစ်ခုထက်မက ကိုင်ဆောင်ထားသူတွေကို စစ်ဆေးတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

မဲစာရင်းအတွက် အခြေခံထားမယ့် သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ကောက်ယူခဲ့တာဖြစ်လို့ အချိန်ကာလအားဖြင့် ၂ နှစ်ခန့် ကွာခြားနေတာကြောင့် လူဦးရေကွာဟချက် သိရှိစေဖို့နဲ့ အချက်အလက် ပိုမိုပြည့်စုံစေဖို့ သန်းခေါင်စာရင်းနဲ့ မဲစာရင်းအတွက် မြေပြင်ကွင်းဆင်းကောက်ယူမှု စာရင်းနှစ်ခုကို နှိုင်းယှဉ် သုံးသပ်တိုက်ဆိုင် စစ်ဆေးမယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ အထွေထွေရွေးကောက်ပွွဲတွေကို လာမယ့် ဒီဇင်ဘာ တတိယအပတ်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်အထိ အပိုင်းလိုက် ကျင်းပမယ့်အကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို အတည်ပြုပြီး ဖြစ်ကြောင်း ပြီးခဲ့တဲ့လမှာပဲ ကြေညာထားတာပါ။

ရွေးကောက်ပွဲ မဲမသာမာမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်တွေကိုပါ အသုံးပြုမယ်လို့ ကြေညာထားပြီး တရုတ်နဲ့ ရုရှားစတဲ့ နိုင်ငံတွေက ပံ့ပိုးကူညီပေးမယ်လို့ ပြောဆိုထားတာပါ။

ရွေးကောက်ပွဲကို ဆန့်ကျင်ကြတဲ့ အဖွဲ့အသီးသီးကလည်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်း မလုပ်ကြဖို့၊ နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.