နေပြည်တော် ၊ ဇွန် ၁၃

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ခေါင်းဆောင်ရဲ့ နျူကလီးယားစွမ်းအင်ရရှိရေး အစီအစဉ် ဆောင်ရွက်မှုတွေကို အထူးအလေးအနက်ထားပြီး လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုမယ်လို့ အကြောင်းပြပြီး စစ်ရေးအတွက် နျူကလီးယား နည်းပညာရယူဖို့ အရှိန်မြှင့်ကြိုးပမ်းလုပ် ဆောင်လာတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောပါတယ်။

နျူကလီးယားနည်းပညာကို ပိုင်ဆိုင်ပြီး စစ်ရေးအတွက် အသုံးချရေးဟာ စစ်အာဏာရှင်အဆက် ဆက်ရဲ့ နိုင်ငံ့အာဏာကို ထာဝရစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် အစဉ်တစိုက်ကြိုးစားခဲ့တဲ့ အိပ်မက်ဖြစ်တယ်လို့ ဇွန် ၁၀ ရက်နေ့က ထုတ်လွှင့်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဉ်ကနေ ပြောသွားတာပါ။

မြန်မာနဲ့ ရုရှားတို့ နှစ်နိုင်ငံအကြား နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဟာ ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ရုရှားကုမ္ပဏီ ROSATOM နဲ့ ပထမဆုံး နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပေမယ့် NLD အစိုးရလက်ထက်မှာ ရပ်တန့်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ခေါင်းဆောင်က နျူကလီးယားအိပ်မက်ကို ပြန်လည်အသက်သွင်းလာတာလို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

ရုရှားအစိုးရပိုင် ROSATOM အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းနဲ့ စစ်ကောင်စီတို့ မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းအတွက် ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ နားလည်မှုစာချွန်လွှာ ရေးထိုးထားကြတာပါ။

ကြည်းတပ် CDM ဗိုလ်ကြီး ဇင်ယော်က နျူကလီးယားနည်းပညာသာရှိရင် စစ်ခေါင်းဆောင်တွေက တိုင်းပြည်ကို ကြိုက်တဲ့ပုံစံနဲ့ အုပ်ချုပ်လို့ ရပြီး နိုင်ငံတကာကိုလည်း ဂရုစိုက်စရာမလိုဘူးဆိုတဲ့ စံနှုန်းတွေ ရှိနေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ခေါင်းဆောင်တွေရဲ့ အိပ်မက် ရည်ရွယ်ချက်တွေက နျူကလီးယားကို သူတို့အရမ်းပိုင်ဆိုင်ချင်တယ်။ နျူကလီးယားကို ပိုင်ဆိုင်ပြီးရင် သူတို့က မြောက်ကိုရီးယားကို အားကျတယ်။ ဘယ်သူမှ မထိရဲဘူးဆိုတဲ့ စံနှုန်းကိုသွားတာ။ သူတို့လိုချင်တဲ့ ကြိုက်တဲ့ပုံစံနဲ့ အုပ်ချုပ်လို့ရတယ်။နိုင်ငံတကာကိုလည်း ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အန္တိမရည်မှန်းချက်ရှိတယ်။ အခု မင်းအောင်လှိုင်လက်ထက်မှာဆိုရင် ရုရှားနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်ဖြစ်လာတဲ့ အနေအထားကို တွေ့ရပြီး ရတော့မယ့်အနေအထားမျိုး ဆဲဆဲဖြစ်လာတာပေါ့။ ဒါကို နိုင်ငံတကာကနေလည်း ဝိုင်းဝန်းပြီး ကန့်ကွက်ကြဖို့ လိုတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇူလိုင်ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာအထိ ၁၅ လအတွင်း နားလည် မှု စာချွန်လွှာရေးထိုးတာ၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်လှစ်တာ၊ ပူးပေါင်းဆောင်ရွက်မှု ၁၄ ခုအတွက် သဘောတူညီချက်တွေ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် လေ့လာဆန်းစစ်မှုတွေ အပြီးသတ်ပြီး လက်တွေ့တည်ဆောက်ဖို့ ပြင်ဆင်လာတဲ့အထိ အချိန်တိုအတွင်း တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်လာတယ်လို့ NUG က ဆိုပါတယ်။

ဒီအပေါ် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူအတွက် သာမက အာဆီယံဒေသတွင်းက နိုင်ငံအားလုံးမှာရှိတဲ့ ပြည်သူအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ထောက်ပြပါတယ်။

ပြည်သူလူထုကို နေ့စဉ်ရက်စက် တိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ လက်ထဲကို နျူ ကလီးယားစွမ်းအင်သုံးလက်နက် တစုံတရာ ရောက်ရှိသွားမယ်ဆိုရင် ဒေသတွင်းနိုင်ငံတွေအတွက်ပါ မတွေးဝံ့စရာ အခြေအနေဖြစ်သွားမယ်လို့ သူက သတိပေးပါတယ်။

ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်တပ်ဟာ လက်ရှိမှာ ပျက်နေပေမယ့်လည်း ပျက်ရင်း တည်ဆောက်နေတာဖြစ်လို့ နျူကလီးယားနည်းပညာကို မပိုင်ဆိုင်နိုင်ဖို့ ရတဲ့နည်းပေါင်းစုံနဲ့ ကာကွယ်သင့်တယ်လို့ သုံးသပ်ပါတယ်။

“ပစလို့ ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ဝင်လာတဲ့ လူငယ်တွေရဲ့ အရေအတွက်ရယ် နျူကလီး ယားရယ်သာ ပိုင်ဆိုင်မယ်ဆိုရင် ဒေသတွင်းမှာ အင်အားကောင်းတဲ့ စစ်တပ်တစ်တပ် ယိုင်နဲ့ယိုင်နဲ့ ဖြစ်သွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ ဒီအခြေအနေမရောက်အောင် ကျွန်တော်တို့တွေ ရတဲ့နည်းလမ်းပေါင်းစုံနဲ့ စောစောစီးစီး ကာကွယ်သင့်တယ်လို့ မြင်ပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ နျူကလီးယားပစ္စည်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု ကွန်ဗင်းရှင်းတို့ကို ၂၀၁၆ ခုနှစ်မှာ အတည်ပြုလက်မှတ် ရေးထိုးခဲ့တယ်လို့ NUG ကနေ သိရပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT) နဲ့ ၂၀၁၈ ခုနှစ်မှာ နျူကလီးယားလက်နက်တွေ တားမြစ်ရေးစာချုပ် (TPNW) တို့ကိုလည်း အတည်ပြု လက်မှတ်ရေးထိုးခဲ့သေးတာပါ။

ဒါပေမယ့် နျူကလီးယားလက်နက်တွေ တားမြစ်ရေးစာချုပ်ကို အတည်ပြုဖို့နဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)ရဲ့ နောက်ဆက်တွဲ သဘောတူညီချက် စာချုပ်တွေကို အသက်ဝင်လာအောင် လုပ်ဆောင်နေစဉ်အတွင်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.